ကလေးတက္ကသိုလ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ

By ပါခွီး (မဇ္စျိမ)
04 April 2023
ကလေးတက္ကသိုလ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ကလေးတက္ကသိုလ်တွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဝင် ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်အချို့သိမ်းဆည်းနိုင်ခဲ့ကြောင်း CDF CDM SIYIN တပ်ဖွဲ့က ထုတ်ပြန် ထားသည်။

ယနေ့ ဧပြီလ ၄ ရက်၊ နံနက် ၅ နာရီ ၃၀ မိနစ်အချိန်တွင် ကလေးတက္ကသိုလ်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့အား တိုက်ခိုက်ခဲ့ရာ ၂၀ မိနစ်ခန့် အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဆိုသည်။

ကလေးမြို့မြောက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား စစ်ရေးတင်း မာနေချိန် ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

မတ်လ ၂၈ ရက်မှစ၍ ကလေးမြို့မြောက်ပိုင်းတွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီတပ်ဖွဲ့က အင်အားအများအပြားဖြင့် တိုက်ခိုက်နေကာ လက်နက်ကြီးလက်နက်ငယ်များအပြင် MI 35 ရဟတ်ယာဉ် ဖြင့် လေကြောင်းမှပါ ပစ်ခတ်နေကြောင်း သိရသည်။

တိုက်ပွဲများပြင်းထန်နေသဖြင့် ပျဉ်းတောဦး၊ လက်ပံချောင်း၊ မင်းလှ၊ အောင်ရွာ၊ မြောက်ချော၊ ချမ်းသာကြီး နှင့် ချင်းစု အစရှိသောကျေးရွာများမှ ပြည်သူ ၃၀,၀၀၀ ကျော် ကလေးမြို့နှင့် တာဟန်းသို့ စစ်ဘေးတိမ်း ရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required