တရုတ်က နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျပ်ကိုင် ကျူးကျော်သည့်နည်းလမ်းများကို အသုံးပြုနေ

တရုတ်က နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျပ်ကိုင် ကျူးကျော်သည့်နည်းလမ်းများကို အသုံးပြုနေ

တရုတ်က နယ်စပ်ဒေသများ အထူးသဖြင့် အိန္ဒိယနှင့်ကပ်လျက်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရန်လုပ်ဆောင်သည့်   ကြိုးပမ်းမှုနှင့် နည်းဗျူဟာများသည် လုံခြုံရေးနှင့် မဟာဗျူဟာရှုထောင့်များအရ စိုးရိမ်စရာကောင်းကြောင်း နိုင်ငံရေးသုတေသနဖောင်ဒေးရှင်း (PRF) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

တရုတ်သည် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းအားထုတ်မှုများကို အတန်အသင့် ကြွယ်ဝချမ်းသာသော ရှောင်ကန် (xiaokang) ရွာများတည်ထောင်ခြင်းခေါင်းစဉ်အောက်တွင် မစစ်မှန်သော ရည်ရွယ်ချက်များဖြင့် အပြစ်ကင်းသည့်ပုံစံဖမ်းနေပြီး အကျပ်ကိုင်မှုနှင့် ကျူးကျော်မှုကို အဓိကထားသည့် တခြားမူဝါဒ ရည်မှန်းချက်များရှိသည်မှာ သိသာထင်ရှားသည်။ 

ဆန့်ကျင်ဘက်အနေဖြင့် အိန္ဒိယ၏ စံပြကျေးရွာများပုံစံသည် ပြည်မကြီးနှင့် နယ်စပ်ဒေသများ ပိုမိုပေါင်းစပ်ကာ နယ်စပ်နေပြည်သူများ၏ လူနေမှုအဆင့်အတန်းမြှင့်တင်ရေးကို အလေးပေးသော ကြိုးပမ်းမှုဖြစ်ကြောင်း PRF က ဖော်ပြသည်။ 

တရုတ်၏ မရိုးသားသော အကြံအစည်များသည် မြောက်ပိုင်းနယ်စပ်တစ်လျှောက်ရှိကျေးရွာများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်မည့်အိန္ဒိယ၏ လတ်တလောကြိုးပမ်းအားထုတ်မှုများနှင့် သိသိသာသာ ဆန့်ကျင်နေသည်။ အိန္ဒိယသည် မကြာသေးမီနှစ်များအတွင်း နယ်စပ်ကျေးရွာများအတွက်  စီးပွားရေး အကူအညီများ ပံ့ပိုးပေးရေးနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေး လုပ်ဆောင်လာခဲ့သည်။

အိန္ဒိယဘဏ္ဍာရေးဝန်ကြီးက ၂၀၂၂-၂၀၂၃ ခုနှစ် ဘတ်ဂျက်လျာထားမှုများ ထုတ်ဖော်ပြောကြားစဉ် နယ်စပ်ကျေးရွာများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် စံပြကျေးရွာများအစီအစဉ် (VVP) ကို ၂၀၂၂ ခုနှစ်က ကြေညာခဲ့သည်။ စံပြကျေးရွာအစီအစဉ်သည် လူဦးရေကျဲသော၊ ချိတ်ဆက်မှုနှင့်အခြေခံအဆောက်အအုံ အကန့်အသတ်သာရှိသော၊ နိုင်ငံ၏ ကျန်ဒေသများတွင် ဖြစ်ပေါ်နေသည့် ဖွံ့ဖြိုးတိုးတက်မှုများ ရလေ့မရှိသော မြောက်ပိုင်းနယ်စပ်များရှိ ရွာများကို ရည်ရွယ်သည်ဟု PRF ကဆိုသည်။

အိန္ဒိယစီမံကိန်းသည် ရာသီမရွေးသွားနိုင်သော လမ်းများ၊ သောက်သုံးရေ၊ ၂၄ နာရီ ရရှိနိုင်သည့် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်နှင့် လေစွမ်းအင်၊ မိုဘိုင်းဖုန်းနှင့် အင်တာနက် ချိတ်ဆက်မှုများ၊ ခရီးသွားလုပ်ငန်းနှင့်  ကျန်းမာရေးစင်တာများ ပံ့ပိုးပေးခြင်းဖြင့် အဆိုပါဒေသများ၏ လူနေမှုအဆင့်အတန်းကို မြှင့်တင်ပေးမည်ဖြစ်သည်။ အိန္ဒိယ-တရုတ်နယ်စပ်ဒေသများတစ်ဝိုက်တွင် အခြေခံဆောက်အအုံများ တည်ဆောက်သည့် တရုတ်၏ အလားတူကြိုးပမ်းအားထုတ်မှုများသည် အိန္ဒိယထက် ဆယ်စုနှစ်များစွာ စောသည်။ လူသိရှင်ကြားထုတ်ဖော်ပြောဆိုထားသော ရည်ရွယ်ချက်များမှာ ကြီးကျယ်မြင့်မြတ်ဟန်ရှိသော်လည်း အရင်းခံအကြောင်းရင်းများသည်  ဆိုးရွားလှပေသည်။

ပထမအချက်အနေဖြင့် အဆိုပါ ရှောင်ကန်ကျေးရွာများသည် အိန္ဒိယ-တရုတ်၊ ဘူတန်-တရုတ်နယ်စပ်တို့နှင့် အလွန်နီးကပ်စွာ တည်ရှိသည်။ အချို့ကျေးရွာများကို ဒေါ့ခ်လမ်ကုန်းပြင်မြင့်ဝန်းကျင်ရှိ ပိုင်နက်နယ်မြေလုနေသော  ဒေသတွင် တည်ဆောက်ထားသည်။  အငြင်းပွားဖွယ် နယ်မြေများကို မသိမသာတိတ်တဆိတ် သိမ်းပိုက်ခြင်းသည် တရုတ်နိုင်ငံ၏ နည်းပရိယာယ်ပင်ဖြစ်ကြောင်း PRF က ဖော်ပြသည်။

ဒုတိယအချက်အနေဖြင့် မိရိုးဖလာ တိဗက်လူမျိုးများနေထိုင်သည့် တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (TAR) ရှိကျေးရွာများတွင် တရုတ်က ရှောင်ကန်ကျေးရွာဟူသော ခေါင်းစဉ်အောက်၌ ဟန်မျိုးနွယ်တရုတ်များ အထူးသဖြင့် တရုတ်စစ်တပ်မှ အငြိမ်းစား စစ်မှုထမ်းများကို နေရာချထားပေးရန် ရည်ရွယ်ခြင်းဖြစ်သည်။

တရုတ်သည် အငြိမ်းစား တရုတ်စစ်မှုထမ်းဟောင်းများအား တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ မျက်စိနှင့်နားများအဖြစ် ထားရှိရန်၊ ဟန်မျိုးနွယ်တရုတ်များနှင့် တိဗက်လူမျိုးများအကြား ယဉ်ကျေးမှု ဖလှယ်ရေးနှင့်ပေါင်းစပ်မှုကို မြှင့်တင်လျက် တိဗက်လူမျိုးများအကြား ဒလိုင်းလားမားထောက်ခံသူများနှင့် မလိုလားသူများအပေါ် ရေရှည်စောင့်ကြည့်ရန်၊ ရှင်ကျန်းဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့်တိဗက်ဒေသတို့ရှိ ဌာနေတိုင်းရင်းသားများကို လူမျိုးတုံးသုတ်သင်ရန်နှင့် လိုအပ်လာပါက အထက်ပါအချက်များအားလုံးကို ဗျူဟာမြောက်ရည်ရွယ်ချက်များအတွက် တွန်းအားတစ်ခုအဖြစ် အသုံးချရန် စသည့် ဗျူဟာ ၄ ရပ်ဖြင့် ရွာများကို တည်ဆောက်နေသည်။

တရုတ်သည် ထိုသို့ ကြိုးပမ်းအားထုတ်ခြင်းခြင့် တရုတ်ဇာတ်သွင်းသည့်အစီအစဉ်များ တဖြည်းဖြည်း အကောင်အထည်ဖော်နေကာ ပန်ချန်လားမားကဲ့သို့ တရုတ်ကွန်မြူနစ်ပါတီက အတည်ပြုထားသော လားမားများ၏ တရားဝင်မှုကို မြှင့်တင်ပေးလျက်ရှိသည်။ အိန္ဒိယ-တရုတ် နယ်နိမိတ်ပြဿနာဖြေရှင်းရေးဆိုင်ရာ နိုင်ငံရေးသတ်မှတ်ချက်ဘောင်များနှင့် လမ်းညွှန်ချက်စည်းမျဉ်းများ  (၂၀၀၅) အရ  နယ်စပ်ထိန်းချုပ်မျဉ်း (LAC)  တစ်လျှောက် အခြေချနေသူများကို အနှောင့်အယှက်မပြုရေးဟူသော အချက်အပေါ် အခြေခံလျက် ရှောင်ကန်ရွာများသည် ဝေးလံပြီး နယ်လုနေသည့် ဒေသများတွင် ဟန်တရုတ်လူမျိုးများကို နေရာချခြင်းဖြင့် ပိုင်နက်အငြင်းပွားမှုများ ထပ်မံပြုလုပ်မည့် တရုတ်၏ ကြိုးပမ်းအားထုတ်မှုများကို အကာအကွယ်ပေးထားသည်ဟု PRF အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

အိန္ဒိယအစိုးရသည် စံပြကျေးရွာများအစီအစဉ် (VVP) အပြင် နယ်စပ်ဒေသများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် စတင်လုပ်ဆောင်လျက်ရှိသည်။ နယ်စပ်ဒေသရှိ ဖွံ့ဖြိုးမှုအားနည်းသော ခရိုင်အချို့တွင် ကျန်းမာရေးနှင့်အာဟာရ၊ ပညာရေး၊ စိုက်ပျိုးရေးနှင့်ရေအရင်းအမြစ်များ၊ ငွေကြေးနှင့်ကျွမ်းကျင်မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် အခြေခံအဆောက်အအုံများကဲ့သို့သော လူမှုစီးပွားကဏ္ဍများကို အလေးထားသည့် ခရိုင်များတိုးတက်ရေးအစီအစဉ်ကို ၂၀၁၈ ခုနှစ်ကတည်းက နိုင်ငံတစ်ဝန်းတွင် အကောင်အထည်ဖော်ခဲ့သည်။ ကြေညာထားသည့် သို့မဟုတ် အကောင်အထည်ဖော်ဆဲဖြစ်သည့် အခြေခံအဆောက်အအုံစီမံကိန်းကြီးများတွင် နယ်စပ်အမြန်လမ်းစီမံကိန်း၊ နယ်စပ်ရထားလမ်းစီမံကိန်း၊ ဒီဘန်းနှင့်ကာမန်းမြစ်များပေါ်ရှိ ရေအားလျှပ်စစ်စီမံကိန်းများနှင့် ဒွန်ရီပိုလိုလေဆိပ်တို့ ပါဝင်သည်။ အဆိုပါစီမံကိန်းများသည် အရှေ့မြောက်ဒေသ အလုံးစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရူပီး ၁၁ ၀၀၀ ကုဋေ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ နီးပါး) တန်ဖိုးရှိ ထောက်ပံ့ရေးအစီအစဉ်၏ အရေးပါသော အစိတ်အပိုင်းဖြစ်သည်။ 

တရုတ်နှင့်မတူစွာ အိန္ဒိယသည် ကွဲပြားသောမျိုးနွယ်စုများ၏ ကိုယ်ပိုင်လက္ခဏာများ၊ ဘာသာစကားနှင့် ယဉ်ကျေးမှုတို့အား ကာကွယ် မြှင့်တင်ရေးဆိုင်ရာမူဝါဒများကို တစိုက်မတ်မတ်ပံ့ပိုးကာ ၎င်းတို့ကို ဦးစားပေးရေး ထိရောက်သောခြေလှမ်းများဖြင့် လုပ်ဆောင်လျက်ရှိသည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly