မုံရွာတွင် အိမ်စီးကားဖြင့် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ မိုင်းခွဲတိုက်ခိုက်ခံရ

By ပါခွီး မဇ္စျိမ
03 April 2023
မုံရွာတွင် အိမ်စီးကားဖြင့် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ မိုင်းခွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် အိမ်စီးကားဖြင့် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း မုံရွာနတ်ဆိုးအဖွဲ့ထံမှ သိရသည်။

ဧပြီလ ၂ ရက်နေ့ မွန်းလွဲပိုင်းတွင် မုံရွာမြို့ပတ်လမ်း၌ စစ်ကောင်စီတပ်သားငါးဦးပါသော အိမ်စီးကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“မိုင်းနဲ့ မိတော့မိတယ် အသေအပျောက်ကို မသိရဘူး။ ကားက မိုင်းဆွဲတဲ့နေရာ အရှေ့နားမှာ ထိုးရပ်သွား တယ်”ဟု မုံရွာနတ်ဆိုးတာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ ကင်းလှည့်လာမည့် သတင်းကို ကြိုတင်သိထားရသဖြင့် ယခုကဲ့သို့ စောင့်ကြို မိုင်းဆွဲ ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

မိုင်းဆွဲတိုက်ခိုက်အပြီးနောက် ကားပေါ်တွင်ပါလာသော စစ်ကောင်စီတပ်သားများက ၄၀ မမ အပါအဝင် လက်နက်ငယ်များဖြင့် လိုက်လံပစ်ခတ်သော်လည်း ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိကြောင်း သိရသည်။

ဧပြီလ ၂ ရက်နေ့ နံနက် ၅ နာရီ ၅၃ မိနစ်ကလည်း မုံရွာမြို့ရှိ မြဝတီဘဏ်နှင့် စီးပွားရေးဘဏ်တို့ကို မုံရွာနတ်ဆိုးအဖွဲ့နှင့် မုံရွာ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)တို့ ပူးပေါင်းပြီး အနီးကပ်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဘက်မှ လေးဦးသေဆုံးခဲ့သည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required