စစ်ကောင်စီ ရွေးကောက်ပွဲက ကလိမ်ကကျစ် ကျခြင်းဟု ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ ပြော

By အီဂေါ ဘလာဇီဗစ်
01 April 2023
စစ်ကောင်စီ ရွေးကောက်ပွဲက ကလိမ်ကကျစ် ကျခြင်းဟု ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ ပြော

မြန်မာစစ်ကောင်စီ၏ ရွေးကောက်ပွဲသည် သတင်းမှား၊ သတင်းတုသာ ဖြစ်ပြီး “အခြား ပုံစံတစ်မျိုးဖြင့် စစ်ပွဲအား ဆက်လက်ဖော်ဆောင်နေခြင်း” ဟု ဒီမိုကရေစီ လိုလားသော တက်ကြွလှုပ်ရှားသူ အီဂေါ ဘလာဇီဗစ်က ယခု သီတင်းပတ်အတွင်း ဖက်ဒရယ် ဒီမိုကရက်တစ် ပဋိညာဉ် နှစ်နှစ်ပြည့်အဖြစ် ကျင်းပသော မြန်မာ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ၏ အွန်လိုင်းစာတမ်းဖတ်ပွဲတစ်ရပ်၌ ပြောသည်။

 “ကျွန်ုပ်တို့၏ လမ်း၊ ကျွန်ုပ်တို့၏ ပန်းတိုင်” ဟု အမည်ပေးထားသော အဆိုပါ စာတမ်းဖတ်ပွဲ၌ ဘလာဇီဗစ်က အဓိက အချက်လေးချက်ကို ပါဝင်သူများအား တင်ပြပြောဆိုခဲ့သည်။

ပြိုလဲပျက်စီးတော့မည့် သံချေးတက် ရထား

ပထမအချက်မှာ မြန်မာစစ်တပ်သည် ဆိုးဆိုးဝါးဝါး အားနည်းနေပြီး အတော်လေး ခုခံနိုင်စွမ်း နည်းနေခြင်း ဖြစ်သည်။ စစ်တပ်သည် အက်ကြောင်းလိုက်နေကာ အတွင်းလှိုက် ပြိုဆင်းရန် ရှိနေတော့သည်။

စစ်တပ်က ၎င်း၏ အားနည်းချက်များကို ဖုံးကွယ်ရန် ကြောက်မက်ဖွယ်ကောင်းသော ရက်စက်ယုတ်မာမှု အဝဝကို ကျူးလွန်လျက် ရှိသည်။ အတုအယောင် ဟန်ပြ ရွေးကောက်ပွဲများနှင့် တရားဝင် လူထုကြိုက်သော ပါတီများအား “ဖျက်သိမ်းခြင်း” နှင့် ပတ်သက်ကာ စစ်ကောင်စီသည် မဟုတ်မဟပ် အပြောများကို ဖန်တီးပြောဆိုလျက်ရှိသည်။ ယင်း လုပ်ရပ်အားလုံးမှာ ၎င်းတို့၏ ပျော့ကွက်၊ ညံ့ကွက်များကို ဖုံးကွယ်နိုင်ရန် ကြိုးစားနေခြင်းသာ ဖြစ်တော့သည်။

စစ်တပ်သည် နေ့တိုင်း၊ သီတင်းပတ်တိုင်း၊ တစ်ပတ်ပြီး နောက်တစ်ပတ်တိုင်း၌ သွေးမြေကျနေရပြီ ဖြစ်သည်။ နေ့စဉ်ရက်ဆက်ပင် ရှုံးနိမ့်နေလျက် ရှိသည်။ ကြီးမားသော ပြဿနာမှာ စစ်တပ်၌ လူအင်အား အလွန့်အလွန် နည်းပါးနေခြင်းပဲ ဖြစ်သည်။ ကျယ်ပြန့်သော နယ်မြေတလွှားကို အတော်လေး နည်းပါးသော အင်အားဖြင့် ဖြန့်ကြက်ထားရပြီး ဘက်ပေါင်းစုံမှ တိုက်ခိုက်မှုများကို နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်နေရသည်။ မည်သည်နှင့် အလားသဏ္ဍာန် တူသလဲဆိုသော် အဘက်ဘက်ကနေပြီး ပျားကောင်ရေ ရာပေါင်းများစွာ တုပ်ခြင်းကို ခံနေရသည်နှင့် တူနေတော့သည်။

အမှန်တော့ တော်လှန်ရေးအင်အားစုများတွင် လက်နက်အင်အား နည်းပါးပါသည်။ သို့ရာတွင် အံ့လောက်ဖွယ်ရာ စိတ်ဓာတ်ကြံ့ခိုင်မှု ရှိထားသည်။ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ (EROs) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) တို့ကြားတွင် ထူးခြားသော ပူးပေါင်းဆောင်ရွက်မှုများလည်း မြင့်မားလာလျက် ရှိနေသည်။

စစ်ကောင်စီအတွက်မှာမူ မလွဲဧကန် ပျက်စီးခြင်းဆီသို့ ဦးတည်နေသော တစ်ရွေ့ရွေ့ သွားနေသည့် လေးလေးလံလံ သံချေးတက် ရထားတစ်စင်းနှင့် တူနေတော့သည်။

အမှန်ပါပဲ၊ စစ်တပ်သည် အတွင်းဘက်သို့ ကျွံ၍ ပြိုဆင်းလာနိုင်ပြီး ပြိုလဲသွားလိမ့်မည်သာ ဖြစ်သည်။ မည်သည့်အချိန် ပြိုမလဲဆိုသည်ကို မိမိတို့အနေဖြင့် အတိအကျ မသိနိုင်သော်လည်း ဖြစ်တော့မည်ကတော့ မလွဲပေ။ တစ်နည်းနည်းဖြင့် အနှေးနဲ့ အမြန်ဆိုသကဲ့သို့ ဖြစ်လာမည်ပဲ ဖြစ်သည်။

မင်းအောင်လှိုင်က နိဂုံးချုပ်တော့မည့်အချိန်၊ အရှက်တကွဲဖြင့် ဇာတ်သိမ်းတော့မည်အချိန် ပြည်သူများအပေါ် ထွက်ခတ်ခတ်ကာ ဒုက္ခပေးမည်ကို မြန်မာအိမ်နီးချင်းများနှင့် အာဆီယံတို့က မည်မျှအထိ ခွင့်ပြုပြီး ပျက်စီးထိခိုက်မှုများ မည်မျှအထိ ဖြစ်လာမည်ဆိုသည်ကိုတော့ မိမိတို့အနေဖြင့် မသိနိုင်ပေ။ မင်းအောင်လှိုင်နှင့် စစ်ကောင်စီအတွက်တော့ နိုင်ငံကို ပြန်လည်ထိန်းချုပ်နိုင်မည့် လမ်းမမြင်ပေ။ ဖြစ်စရာ တစ်ခုတည်းရှိသည်မှာ မင်းအောင်လှိုင် အရေးနိမ့်ခြင်းပဲ ဖြစ်ပါတော့သည်။

မစည်းလုံးဘူးဆိုသည့် တန်ပြန် ဇာတ်ကွက်များအား ချေဖျက်ခြင်း

ဒုတိယအချက်မှာ မိမိတို့အနေဖြင့် မစည်းလုံးဘူးဆိုသည့် တန်ပြန် ဇာတ်လမ်းဆင်မှုများကို ပြတ်ပြတ်သားသား ပယ်ချရမည် ဖြစ်သည်။

စစ်ကောင်စီသည် NUG (အမျိုးသား ညီညွတ်ရေး အစိုးရ) နှင့် EROs များကြား၊ ဒီမိုကရေစီအတွက် လုံးပမ်းနေသည့် မြန်မာများနှင့် ဖက်ဒရယ်စနစ်နှင့် ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်တို့အတွက် ရုန်းကန်နေသော တိုင်းရင်းသားများကြား မဟာမိတ်ပြုမှုကို သွေးကွဲအောင် ကြိုးပမ်းလျက် ရှိသည်။ ထိုသို့ သွေးကွဲအောင် လုပ်ဆောင်ခြင်းကပဲ ၎င်းတို့ ရှင်သန်ရပ်တည်နိုင်မည့် တစ်ခုတည်းသော လမ်းဖြစ်တော့သည်။

တရုတ်၊ ထိုင်း၊ ဆာဆာကာဝါနှင့် မရိုးသားသည့် “ရင်ကြားစေ့သူ” အမျိုးမျိုးတို့က မစည်းလုံးဘူးဆိုသော ဇာတ်ကွက်မျိုးကို ဖြန့်ကားနိုင်အောင် ကြိုးပမ်းနေကြသည်။ ယင်းမှသာ ၎င်းတို့အတွက် “စေ့စပ်ဖြန်ဖြေသူများ” ဆိုသည့် အခန်းကဏ္ဍတွင် နေရာရကြမည်ဖြစ်ပြီး မထိုက်သင့်သော ဩဇာအရှိန်အဝါကို ရရှိကြမည် ဖြစ်သည်။ “အဓိက သက်ဆိုင်ရာ အားလုံးသော ပုဂ္ဂိုလ်များ” ပါဝင်သော စေ့စပ်ညှိနှိုင်းမှုများကို လွယ်ကူချောမွေ့အောင် ၎င်းတို့က ကြိုးစားနေကြသည်။ ယင်းသို့ ကြိုးစားနေခြင်းကပင် ဘာမှ ဖြစ်မြောက်မည် မဟုတ်ဆိုခြင်းနှင့် အကြမ်းဖက်ဖျက်ဆီးပစ်ကာ အပြည့်အဝ အောင်နိုင်ရေးကိုသာ အလိုရှိနေပြီး စေ့စပ်ညှိနှိုင်းမှုအတွက် သဘောထား ဆန္ဒ မရှိထားသည့် စစ်တပ်ကို အလိုလိုက် အကြိုက်ဆောင်နေသည့် အဓိပ္ပာယ်ပဲ ဖြစ်တော့သည်။

အဆိုပါ ပြည်ပမှ ပုဂ္ဂိုလ်များသည် အာဏာရှင်နှင့် အကျင့်ပျက်စစ်တပ် မရှိဘဲ မြန်မာ့ အနာဂတ်ကို စိတ်ကူးမမျှော်မှန်းနိုင်ကြပေ။ ၎င်းတို့ကိုယ်တိုင်က အာဏာရှင်နှင့် အကျင့်ပျက်နေကြပြီးသူများ ဖြစ်၍ပင် ဖြစ်သည်။ သို့ရာတွင် မရိုးသားဘဲ ကိုယ့်ကျိုးသာ ကြည့်သည့် အနှီပုဂ္ဂိုလ်များ မမျှော်မှန်းနိုင်သည်ကို မြန်မာပြည်သူများက စွမ်းဆောင်နိုင်တော့မည် ဖြစ်သည်။

မစည်းလုံးဘူးဆိုသည့် ဇာတ်ကွက်များအတွင်း ဆွဲနှစ်ခံမည့်အစား မိမိတို့အနေဖြင့် မည်သို့ လုပ်ဆောင်ကြရန် လိုအပ်ပါသလဲ။

အဖြေကတော့ မိမိတို့သည် “အောင်နိုင်ရေး သဘောထားများ” ဖြင့် ၎င်းတို့ကို တန်ပြန်ရန် လိုအပ်သည်ဟူ၍ပင် ဖြစ်သည်။

ထိခိုက်နစ်နာစေနိုင်သည့် “မစည်းလုံးဘူဆိုသော ဇာတ်ကွက်များ” ကို “အပြုသဘောဆောင်ပြီး အမြော်အမြင် ရှိသော သဘောထားများ” ဖြင့် တန်ပြန်ရန် လိုအပ်သည်။

EROs များကြားတွင် ယခင့်ယခင်ကထက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမို ရှိလာခဲ့ပြီ ဖြစ်သည်။ မတူညီသော EROs များနှင့် PDFs များကြား ပူးပေါင်းဆောင်ရွက်မှုများသည် ထူးထူးခြားခြင်းပင် ဖြစ်သည်။ အဓိကပုဂ္ဂိုလ်များ၊ တိုင်းရင်းသားများ၊ မြန်မာများ၊ နွေဦးတော်လှန်ရေး အဓိကပုဂ္ဂိုလ်များ၊ လူငယ်ဆန္ဒပြသူများ၊ CDM များ၊ အရပ်ဖက်အဖွဲ့အစည်း ပုဂ္ဂိုလ်များနှင့် လွတ်လပ်သော မီဒီယာများသည် အတူရုန်းကန်နေကြသော မိသားစုများသာ ဖြစ်ပြီး ပြည်သူများနှင့် ပြည်ပရောက်များ၏ ထောက်ခံမှုများကို ရရှိနေသည်။ ထိုသို့သော တော်လှန်ရေးစိတ်နှလုံးသားကို ယူနီဖောင်းဝတ် ရာဇဝတ်သား လူသတ်ဂိုဏ်းက အောင်နိုင်လိမ့်မည် မဟုတ်ပေ။

မိမိတို့အနေဖြင့် အနည်းငယ်သော ဆိုင်ရာ အဓိကပုဂ္ဂိုလ်များနှင့်အတူ သည်းခံစိတ်ရှည်ဖို့ရန်လည်း လိုအပ်ပါသည်။ အတုအယောင်သမား တော်တော်များများ ရှိသည်ကိုလည်း သိထားရမည် ဖြစ်သည်။ ထို အတုအယောင်များကို ဂရုစိုက်စရာမလို၊ ဆက်ဆံစရာ မလိုဘဲ ၎င်းတို့မှာ သမိုင်းအမှိုက်သရိုက်အဖြစ် ပျောက်ကွယ်သွားလိမ့်မည်သာ ဖြစ်သည်။

စည်းလုံးခြင်း၊ မစည်းလုံးခြင်း ကိစ္စရပ်နှင့် ပတ်သက်သော အရေးကြီးတာ တစ်ခုရှိသည်။

မြန်မာ့အနာဂတ်နှင့် ပတ်သက်ပြီး ကျယ်ပြန့်သော တရားဝင် သဘောတူညီချက်များ အရင် ရထားရန် လိုအပ်သည်ဟု မထင်မြင်မိပေ။ အနာဂတ်ကို လက်တွေ့ပုံဖော်ရန် ပထမဆုံး လိုအပ်မည်ပဲ ဖြစ်သည်။

စစ်ကောင်စီသာ လွှမ်းမိုးအနိုင်ရပြီး ဘက်စုံ ဖိနှိပ်ထားမည်ဆိုပါက အနည်းဆုံး နောက်ထပ် နှစ်နှစ်ဆယ်ခန့်အထိ အနာဂတ် ရှိတော့မည် မဟုတ်ပေ။ သို့မဟုတ်ဘဲ စစ်ကောင်စီ၏ အကြမ်းဖက်မှုများကြောင့် နိုင်ငံသည် အမျိုးမျိုးသော လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်မှုအောက် နယ်မြေ ငါးခု သို့မဟုတ် ခုနစ်ခုအထိ ကွဲထွက်သွားခဲ့သည်ဆိုလျှင်လည်း ဆယ်စုနှစ်များစွာ အနာဂတ် မဲ့ရမည်သာ ဖြစ်သည်။ ဥပမာ ယနေ့ခေတ် လစ်ဗျားနှင့် တောင်ဆူဒန်တို့ကအတိုင်း ဖြစ်သွားနိုင်သည်။

ထိုကြောင့် ယခု အချက်၌ မိမိတို့ လိုအပ်သည်မှာ အခြေခံ မူဘောင်နှင့် ဆက်စပ်လွှမ်းခြုံသော သဘောထားအမြင်တို့နှင့် ပတ်သက်ပြီး “အနည်းဆုံး ဘုံသဘောတူညီချက်” ရှိထားရန်သာ ဖြစ်သည်။ နောက်ဆုံးပိတ် အောင်ပွဲ မဆောင်ကြဉ်းနိုင်သေးခင် ပူးပေါင်းဆောင်ရွက်မှုများဖြင့် အောင်ပွဲငယ်များစွာ စွမ်းဆောင်ထားရန် လိုအပ်သည်။ ပူးပေါင်းကြိုးပမ်းမှု၊ ပူးပေါင်းရုန်းကန်မှုများဖြင့် ဘုံအောင်ပွဲ ရရှိခဲ့လျှင် အပြန်အလှန် ယုံကြည်မှုသည် ပြီးပြည့်စုံသည့် အဆင့်သို့ ရောက်ရှိလာမည်သာ ဖြစ်သည်။ လုံခြုံဘေးကင်းမှုလည်း ရှိလာကာ လိုအပ်သော အပြန်အလှန် သဘောတူညီမှုများအတွက် ဆွေးနွေးပြောဆိုကြမည့် အချိန်အခါ ရောက်ရှိလာမည်သာ ဖြစ်သည်။

လက်ရှိ အချိန်အခါတွင်တော့  စည်းမျဉ်းဘောင်ခတ်သော သဘောတူညီချက်များ မလိုအပ်သေးပေ။ ပူးတွဲအောင်ပွဲငယ်များ ဆောင်ကြဉ်းနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုသာ လိုအပ်ပါသေးသည်။ ပို၍ ကြီးမားသော ပူးပေါင်းဆောင်ရွက်မှုများကို အချိန်အခါအလိုက် ဖော်ဆောင်သွားရန်သာ လိုအပ်သည်။ မိမိတို့အနေဖြင့် စစ်တပ်၏ အရေးပါသော ထောက်ပို့လမ်းကြောင်းများ၊ ဘဏ္ဍာဝင်ငွေ အရင်းအမြစ်များနှင့် အရေးကြီးသည့် ဆိပ်ကမ်းများကို မဟာဗျူဟာ ပစ်မှတ်ထား တိုက်ခိုက်မှုများ လိုအပ်လာဦးမည် ဖြစ်သည်။

အားလုံးထက်ပို၍ “အတူတကွ စွမ်းဆောင်မှုများနှင့် ဖော်ဆောင်မှုများ” ကို မိမိတို့အနေဖြင့် လိုအပ်ပါသည်။

အထူးသဖြင့် ကုလသမဂ္ဂ အေဂျင်စီများ၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ထိုင်း၊ ကျန် အာဆီယံနိုင်ငံများ၊ တရုတ်၊ ဂျပန်၊ ဩစတြေးလျ၊ အမေရိကန်၊ ဥရောပသမဂ္ဂနှင့် ဗြိတိန်တို့နှင့် ပြောရဆိုရသည့်အခါတွင် ယုံကြည်ချက်နှင့် စည်းလုံးမှု ရှိခြင်းကို ပြောနိုင်ရန် လိုအပ်သည်။ ထိုမှသာ ၎င်းတို့ လိုလားနှစ်သက်သည်ဆိုပါက မြန်မာပြည်သူများ၏ ရဲစွမ်းသတ္တိအပြည့် ရုန်းကန်မှုများကို ကူညီလာလိမ့်မည် ဖြစ်သည်။ သို့သော် ၎င်းတို့အနေဖြင့် ယူနီဖောင်းဝတ် ရာဇဝတ်သားများ၏ ကျွန်ဘဝ၊ ဖိနှိပ်ခံဘဝကို လက်ခံသင့်သည်ဟု မြန်မာပြည်သူများကို ပြောနိုင်ဆိုနိုင်သည့် အခွင့်အရေးတော့ ရှိတော့မည် မဟုတ်ပေ။

အရေးနိမ့်မည်ဖြစ်သည့် နည်းဗျူဟာ အစီအစဉ်

တတိယအချက်ကတော့ ရွေးကောက်ပွဲပင် ဖြစ်သည်။ ရွေးကောက်ပွဲများ ရှိမနေပါ၊ ရွေးကောက်ပွဲများ ရှိလာမည်လည်း မဟုတ်ပါ။

စစ်ကောင်စီ ကြိုးပမ်းနေသည်က အတုအယောင် ဟန်ပြ ရွေးကောက်ပွဲတောင် မဟုတ်ပါ။ “အခြား အဓိပ္ပာယ်ဖြင့် စစ်ပွဲ ဆက်လက်ဖော်ဆောင်ရေး” ကြိုးပမ်းနေခြင်းသာ ဖြစ်သည်။ ရွေးကောက်ပွဲများအကြောင်း ဟန်ပြ ပြောဆိုခြင်းကလည်း ရည်ရွယ်ချက်ရှိရှိ အာရုံလွှဲသည့် စစ်ဆင်ရေးတစ်ရပ်ပဲ ဖြစ်သည်။ ရွေးကောက်ပွဲသည် အာရုံထွေပြားအောင်နှင့် စည်းလုံးမှု ပြိုကွဲသွားအောင် လုပ်ကြံဖန်တီးသည့် စစ်ဆင်ရေး တစ်ရပ်ဖြစ်ပြီး အချိန်ဆွဲသည့် စစ်ဆင်ရေးသာ ဖြစ်သည်။

ရိုးရိုးရှင်းရှင်း ဆိုလျှင်လည်း ပြည်သူများက ငြင်းပယ်ကြမည်ဖြစ်၍ ရွေးကောက်ပွဲများလည်း ရှိမည် မဟုတ်ပေ။ ပြည်သူများ ပါဝင်ကြမည် မဟုတ်ပေ။ အရပ်ဘက်ရော၊ လက်နက်ကိုင်အဖြစ်ပါ တော်လှန်ဖီဆန်မှုက ရွေးကောက်ပွဲကို အမျှင်ပြတ်စေလိမ့်မည် ဖြစ်သည်။ ရွေးကောက်ပွဲက မည်သည့်အခါမျှ ဖြစ်လာမည် မဟုတ်ပေ။

စစ်တပ်သည် အာဏာသိမ်းပြီး ကြိုးစားနေသော်လည်း အရေးနိမ့်နေသည်။ အကြမ်းဖက်မှုများဖြင့် ကျားကန်နေသော်လည်း အရေးပျက်ပြားလျက် ရှိနေသည်။ နှစ်နှစ်ကြာအပြီးတွင် ရွေးကောက်ပွဲများကို အစီအစဉ်-က အဖြစ် ထားရှိခဲ့သော်လည်း အရေးနိမ့်ကြောင်းကို သူတို့ကိုယ်တိုင် ဝန်ခံလာရသည်။ ထိုအတွက်ကြောင့် မဲစာရင်းနှင့် သန်းခေါင်းစာရင်း ပြုစုနေရသည်ဆိုပြီး “ရွေးကောက်ပွဲ” ကို ရွေ့ဆိုင်းခြင်းသည် စိတ်ဓာတ်စစ်ဆင်ရေးနှင့်အတူ တစ်ခုခုများ စွမ်းဆောင်နိုင်မလားဟု ၎င်းတို့က ကြိုးစားနေခြင်းသာ ဖြစ်တော့သည်။

ဘာမှတော့ ဖြစ်လာမည် မဟုတ်ပေ။

မိမိတို့ဖက်ကမူ နိုးကြားသတိရှိနေပြီး စစ်ကောင်စီက ရွေးကောက်ပွဲဟု ခေါ်ဆိုသော အတုအယောင် လုပ်ရပ်အတွက် ပြင်ဆင်ရန် စတင်ကြိုးပမ်းမှုများကို အောက်ခြေက ယိုင်နှဲ့ပြီး အမျှင်ပြတ်အောင် လုပ်ဆောင်သွားရန် လိုအပ်သည်။

ကြီးမားသော ကတိကဝတ်

နောက်ဆုံးအချက်ကို ဆိုရလျှင် လက်ရှိ နွေဦးတော်လှန်ရေး ခေါင်းဆောင်များသည် ဒီမိုကရေစီ၊ လွတ်လပ်ခွင့်၊ အခွင့်အရေး၊ ဖက်ဒရယ်နှင့် ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်များအတွက် ကတိကဝတ်များ ပေးထားသည်။ တက်ကြွလှုပ်ရှားသော လူငယ်မျိုးဆက်များကလည်း ခွဲခြားဆက်ဆံမှု မရှိရေး၊ တန်းတူညီမျှရေးနှင့် အားလုံးပါဝင်ရေးတို့ကဲ့သို့ တိုးတက်သော သဘောထားများအတွက် ကတိပေးကြသည်။ အားလုံးက ကောင်းမွန်ပြီး လိုအပ်ပါသည်။

သို့ရာတွင် “ကြီးမားသော ကတိကဝတ်” တစ်ရပ်တော့ ပိုမို လိုအပ်ပါမည်။

နွေဦးတော်လှန်ရေး ခေါင်းဆောင်များအနေဖြင့် မြန်မာ လူမှုစီးပွားရေးက ပြည်သူများကို စစ်လျော်ကြေး၊ မြေယာတရားမျှတမှု စီမံကိန်းများအပြင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် စီးပွားရေး အသွင်ပြောင်းလဲမှုတို့ကိုပါ ကတိပေးနိုင်ရန် လိုအပ်သည်။

ဆယ်စုနှစ်များစွာပင် နိုင်ငံ၏ ချမ်းသာကြွယ်ဝမှုသည် ရာဇဝတ်သား စစ်တပ်နှင့် ထိပ်တန်းက လူရမ်းကားများ၏ လက်တွင်း ကျရောက်ကာ တလွဲ သုံးစွဲခံနေရသည်။ သဘာဝသယံဇာတများနှင့် ချမ်းသာကြွယ်ဝမှုများကို တိုင်းပြည်တွင်းက ပြည်သူများအား ဖိစီးနှိပ်စက်ခြင်းနှင့် စစ်ပွဲဆင်နွှဲခြင်းများတွင် အသုံးပြုနေသကဲ့သို့ ထိပ်တန်းဗိုလ်ချုပ်ကြီးများ၏ အသိုင်းအဝိုင်းနှင့် ၎င်းတို့၏ စီးပွားရေး ခရိုနီများ၏ ဇိမ်ခံသုံးစွဲမှုများအတွက် ကျခံနေရသည်။

နွေဦးတော်လှန်ရေးအနေဖြင့် ပြည်သူများအပေါ် ယုံကြည်စိတ်ချရသော ကတိတစ်ရပ် ပေးနိုင်ရန် လိုအပ်သည်။ ကျေးရွာမီးရှို့ခံရသူများ၊ မြေယာမှ အတင်းဖယ်ရှားခံရသူများ၊ ထောင်တန်းချခံရကာ နှိပ်စက်ညှင်းပန်းခံရသူများ၊ ချစ်ခင်ရသူများ ဆုံးပါးခဲ့ရသူများ၊ တောတွင်းတိုက်ပွဲများနှင့် လမ်းပေါ်ဆန္ဒပြပွဲများ စီစဉ်ခြင်းကြောင့် နောက်ဆုံး ဘေးအန္တရာယ်အတွင်း နေထိုင်နေရသူများအတွက် ကတိပေးနိုင်ရမည် ဖြစ်သည်။ နိုင်ငံ၏ ချမ်းသာကြွယ်ဝမှုမှ ဘဏ္ဍာငွေကို ထိုသို့သော ဆုံးရှုံးနစ်နာကြရသူများအတွက် ပေးလျော်ရမည် ဖြစ်သည်။

မြန်မာပြည်သူများသည် လူမှု-စီးပွား တရားမျှတမှုနှင့် ထိုက်တန်ကြပြီး နွေဦးတော်လှန်ရေးအနေဖြင့် အဆိုပါ ကတိများ ပေးနိုင်ရမည်ဖြစ်သကဲ့သို့ ကတိတည်ရန်လည်း လိုအပ်မည်ပဲ ဖြစ်တော့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly