အကြည်တော်စာအုပ်ထဲက ဘီလူးဖြစ်သွားတဲ့ စစ်ကောင်စီတပ်

By ( ဓားရိုင်း ) 
01 April 2023
အကြည်တော်စာအုပ်ထဲက ဘီလူးဖြစ်သွားတဲ့ စစ်ကောင်စီတပ်

စစ်ကိုင်းတိုင်းအတွင်း လူသတ်မီးရှို့ပြီး မုဒိမ်းမှုတွေကျူးလွန်နေတဲ့ စစ်ကောင်စီ ဘီလူးစစ်ကြောင်းကို ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့တွေ ဆုံးမလိုက်တယ်ဆိုတဲ့သတင်းဖတ်လိုက်ရချိန်မှာ စာရေးဆရာ အကြည်တော်ရဲ့ ဘီလူး ဝတ္ထုကို ပထမဆုံး သွားသတိရမိတယ်။ လှဦးဆိုတဲ့လူဟာ ရွာထဲမှာ လူရှိန်အောင်ဆိုပြီး အာဠာဝက ဘီလူးရုပ်ထိုး ခဲ့ပေမယ့် သူ့ရဲ့ဘီလူးရုပ်ဟာ အာဠာဝကမဖြစ်ဘဲ ကလေးတောင်မကြောက်တဲ့ ဘီလူးဖြစ်နေတာကနေ ဇာတ်လမ်း စခဲ့တာပါ။ လှဦးရဲ့ဘီလူးရုပ်ကို ကလေးတွေမကြောက်တာလည်းမပြောနဲ့ ငရုပ်ကျည်ပွေ့ကိုင်ပြီး ငုတ်တုတ်ထိုင် နေတဲ့ သူ့ရဲ့ဘီလူးဟာ သားချော့တေးအရုပ်လို ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်ကတော့ အကြည်တော်ရဲ့ ဘီလူးကို စာအုပ်ထဲမှာပဲတွေ့ရလိမ့်မယ်လို့ ထင်ခဲ့မိတာပါ။ အခုတော့ နှစ်ပေါင်း ၂၀ အကြာမှာ အကြည်တော် ဖန်တီးခဲ့တဲ့ ဘီလူးမျိုး အပြင်မှာ တကယ်ရှိနေခဲ့တာ တွေ့ရပါတယ်။ တစ်ကောင်တောင်မဟုတ်ဘူး။ အုံလိုက် ကျင်းလိုက်ဖြစ်နေပါတယ်။ အဲဒီ ဘီလူးတွေကတော့ စစ်ကိုင်းတိုင်းအတွင်းမှာ ကျင်လည်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ သက်တမ်းဟာ သိပ်ကြာကြာတော့ မခံသွားရှာပါဘူး။ အဲဒီဘီလူးတွေရဲ့ ဇာတ်လမ်းကတော့ အခုလို စခဲ့တာပါ။ စစ်ကိုင်းတိုင်းထဲက တာတိုင်ကျေးရွာမှာ မတ်လ ၁ ရက်က လူမဆန်တဲ့သတ်ဖြတ်မှုတွေလုပ်ပြီး လူရှိန်အောင် ကိုယ့်ကိုယ်ကို ဘီလူးစစ်ကြောင်းဆိုပြီး တပ်မ ၉၉ လက်အောက်ခံ စစ်ကောင်စီ စစ်ကြောင်းတစ်ခုက ကြွေးကြော်ခဲ့တာဖြစ်ပါတယ်။ အင်အား ၁၀၀ ကျော်လောက်ပါတဲ့ အဲဒီစစ်ကြောင်းဟာ ဖေဖော်ဝါရီ ၂၃ ရက်က စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တောင်ပိုင်းကနေ သူတို့ရဲ့စစ်ဆင်ရေးကို စတင်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ကျေးရွာတစ်ခုပြီးတစ်ခုဝင်မွှေခဲ့ပြီးနောက် တာတိုင်ကျေးရွာအရောက်မှာ အရက်စက်ဆုံးနဲ့ အကြမ်းတမ်းဆုံး သတ်ဖြတ်မှုတွေကို ကျူးလွန်ခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာလည်း စစ်ကိုင်းအတွင်းက ကျန်တဲ့ကျေးရွာ တွေကို တစ်ရွာဝင် တစ်ရွာထွက် ရက်စက်ကြမ်းကြုတ်မှုတွေကို ဆက်တိုက်ကျူးလွန်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အပြစ်မဲ့ပြည်သူတွေကို ရက်စက်မှုကမ်းကုန်နေတဲ့ အဲဒီဘီလူးစစ်ကြောင်းရဲ့ ဝဋ်လည်ချိန်ကိုတော့ သိပ်မစောင့် လိုက်ရပါဘူး။ မြောင်မြို့နယ်အရောက်မှာ အကြည်တော်စာအုပ်ထဲက ဘီလူးတွေဖြစ်ကုန်ပြီး ဒေသတွင်းကာကွယ် ရေးတပ်ဖွဲ့တွေက ဘီလူးဈာပနပွဲကြီး ပြန်လည်ကျင်းပသွားခဲ့တာဖြစ်ပါတယ်။ မတ်လ ၁၂ ရက်ကတည်းက မြောင် မြို့နယ်အတွင်းကိုဝင်ရောက်လာတဲ့ စစ်ကောင်စီ ဘီလူးစစ်ကြောင်းကို မတ် ၂၄ ရက်အထိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ စုပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၄၀ ကျော်အထိ သေဆုံးခဲ့တယ်လို့ မြောင်မြို့နယ်၊ ပြည်သူ့ ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့(CDSOM)က ဆိုထားပါတယ်။ အဲဒီ ၁၀ ရက်လောက် အတွင်း ပြင်းထန်တဲ့တိုက်ပွဲ ၃ ကြိမ်၊ ဒရုန်းနဲ့ တိုက်ခိုက်မှုတစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်၂ ယောက် ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသလို တိုက်ပွဲအတွင်းပါဝင်တဲ့ PDF နှစ်ယောက်လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒေသခံပြည်သူ ၃ ယောက်လည်း သတ်ဖြတ်ခံခဲ့ရတယ်လို့ ဆိုထားပါတယ်။ ဒါပေမဲ့ စစ်ကောင်စီဘက်က ဘီလူးစစ်ကြောင်းမှူးအပါအဝင် သေဆုံးမှုအရေအတွက်ဟာ အယောက် ၄၀ ကျော်လောက် ရှိခဲ့တာကြောင့် တန်တယ်လို့ ပြောရပါမယ်။  

ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီ ဘီလူးစစ်ကြောင်းတို့ရဲ့ ပြင်းထန်တိုက်ပွဲတွေဟာ မတ်လ ၁၅ ရက် မှာ ပေါက်ချောင်းရွာအနီးကနေ စတင်ခဲ့တာဖြစ်ပါတယ်။ အဲဒီတိုက်ပွဲမှာ မိုင်းဆွဲခံရတာအပါအဝင် စစ်ကောင်စီ ဘက်က တပ်ဖွဲ့ဝင် ၁၄ ယောက်သေဆုံးသွားခဲ့တာပါ။ မတ်လ ၁၆ ရက်မှာလည်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု ကြောင့် စစ်ကောင်စီဘက်က ၉ ယောက် ထပ်မံသေဆုံးခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် မတ်လ ၂၀ ရက် မှာလည်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းကိုထွက်ခွာသွားပြီး ၂၁ ရက်မှာ မြောင်မြို့နယ်ထဲကို စစ်ကောင်စီဘီလူးစစ်ကြောင်း ပြန်လည်ဝင်ရောက်လာချိန် ပေါက်ချောင်း၊ မြစ်ဆုံ၊ ချောင်းခွဲ ရွာ ၃ ရွာကြားမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တာပါ။ အဲဒီတိုက်ပွဲမှာလည်း စစ်ကောင်စီဘက်က ၁၉ ယောက်သေဆုံးခဲ့ပြီး သူတို့ တပ်စွဲခဲ့တဲ့နေရာကိုရှင်းလင်းရာမှာ တပ်ကြပ်ကြီး အလောင်း တစ်လောင်းနဲ့ အမိန့် ပြန်တမ်း အချက်အလက် တချို့ တွေ့ရှိခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ဆိုထားပါတယ်။ ဒါ့အပြင် မြောင်မြို့ရဲစခန်းကို တပ်ပြန်ဆုတ်လာချိန် မှာလည်း မြောင်မြို့နယ်က လက်ယက်မရွာနဲ့  မြင်းမူမြို့နယ်က ကြာပင်လှရွာကြားမှာ ဘီလူးစစ်ကြောင်းနဲ့ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲထပ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အကျအဆုံးရှိခဲ့တယ်လို့လည်း သိရပါ တယ်။ အဲဒီတိုက်ပွဲမတိုင်ခင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထောင်ထားတဲ့မိုင်းကို ဖြုတ်ဖို့ကြိုးစားတဲ့ ဘီလူးစစ်ကြောင်း က တပ်ဖွဲ့ဝင် ၄ ယောက် သေဆုံးခဲ့တယ်လို့တော့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုထားပါတယ်။ စစ်ကိုင်းတိုင်းအတွင်းက စစ်ကောင်စီဘီလူးစစ်ကြောင်းကိုရှင်းလင်းရာမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်၂၀ ကျော်အထိ ပူးပေါင်းပါဝင်ခဲ့ပြီး အထိအခိုက်အနည်းဆုံးနဲ့ ရှင်းလင်းပြစ်နိုင်ခဲ့တာဖြစ်တယ်လို့လည်း မြောင်မြို့နယ်၊ ပြည်သူ့ ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့(CDSOM)ကဆိုထားပါတယ်။ အဲဒီ စစ်ကောင်စီ ဘီလူးစစ်ကြောင်းကြောင့် စစ်ကိုင်းတိုင်းအတွင်း ကျေးရွာပေါင်း ၃၀ လောက်ဒုက္ခရောက်ခဲ့ရပြီး ပြည်သူ ၄ သောင်း ကျော်စစ်ဘေးရှောင်ခဲ့ ရတာဖြစ်ပါတယ်။ အခုလို ဘီလူးစစ်ကြောင်း ကံကုန်သွားခဲ့တာဟာ စစ်ကိုင်းတိုင်းအတွင်း က ဒေသခံပြည်သူတွေ အတွက်တော့ ကောင်းချီးတစ်ခုပါပဲ။  

တကယ်တော့ အရပ်သားအစိုးရဆီကနေ အကြမ်းဖက်စစ်ခေါင်းဆောင် အာဏာစသိမ်းလိုက်ကတည်းက မြန်မာ နိုင်ငံမှာ တပ်မတော်ဆိုတာမရှိတော့ပါဘူး။ တိုက်ရည်ခိုက်ပြည့်ဝတဲ့ တပ်မတော်ဆိုတာ မှတ်တမ်းတွေထဲမှာကျန် ခဲ့ပြီး ပြည်သူတွေကို ပြန်သတ်တဲ့ စစ်တပ်အဖြစ်နဲ့ ကျိန်စာသင့်သွားခဲ့တာဖြစ်ပါတယ်။ လက်ရှိနိုင်ငံ တစ်ဝန်းက တိုက်ပွဲတွေကိုကြည့်မယ်ဆိုရှင် အဖြေကရှင်းနေပါတယ်။ ဘယ်မှာလဲ တိုက်ရည်ခိုက်ရည်ပြည့်ဝတယ်ဆိုတဲ့ တပ်မတော်ဆိုတာ။ ကိုယ့်ပြည်သူတွေကို ပြန်သတ်ရဲဖို့အတွက် မူးယစ်သေစာတွေ သုံးစွဲနေရပြီး စိတ်ဖောက်နေတဲ့ ဘီလူး စစ်တပ်အဖြစ်သာ တည်ရှိနေတော့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း တစ်နိုင်ငံလုံးမှာ အကြည်တော် စာအုပ်ထဲက ဘီလူးတွေ ခပ်များများရယ်လို့ ဆိုရတော့မလိုပါ။ နေပြည်တော်မှာ ဂူအောင်းနေပြီး PDF တွေကို ကူညီပေးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ပြတ်ပြတ်သားသားအရေးယူရတော့မယ်လို့ အကြမ်း ဖက်စစ်ခေါင်းဆောင်ကအော်နေပေမယ့် သူ့တပ်ဖွဲ့က သားချော့တေးဘီလူးရုပ်တွေဖြစ်နေတာကို သိပုံမရပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းကဖြစ်ပွားခဲ့တဲ့ ကရင်ပြည်နယ်က ကော့ကရိတ်မြို့အပါအဝင် ကျုံဒိုးမြို့ရဲစခန်းနဲ့ မြဝတီမြို့အဝင် ကုန်သွယ်ရေးဇုန်နဲ့ သင်္ဃန်းညီနောင်ရဲစခန်းတို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဦးဆောင် တဲ့ ပူးပေါင်းတပ်တွေက အလွယ်တကူ ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့တာကို ကြည့်ရင်အဖြေကရှင်းနေပါတယ်။ မတ်လ ၂၅ ရက်က မြ၀တီနယ်စပ်ကုန်သွယ်ရေးဇုန်နဲ့ သင်္ဃန်းညီနောင် ရဲစခန်း၊ အာရှလမ်းနဲ့ ကျုံဒိုးရဲစခန်းတို့ကို တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ ကုန်သွယ်ရေးဇုန်အတွင်း စစ်ဆင်ရေးကို KNU တပ်ရင်း (၂၇) လက် အောက်မှာရှိတဲ့ ကော်ဘရာစစ်ကြောင်းရဲ့ တပ်ခွဲ(၅)က ရဲဘော် ၂၀ လောက်နဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါ တယ်။ အဲဒီစစ်ဆင်ရေးနဲ့ပတ်သက်ပြီး ကော်ဘရာရဲဘော်တစ်ဦး အွန်လိုင်းမှာတင်ခဲ့တဲ့ ရုပ်သံမှတ်တမ်းမှာဆိုရင် ကော်ဘရာစစ်သည်တွေဟာ သက်သောင့်သက်သာအနေအထားနဲ့ လမ်းလျှောက်ပြီး ကုန်သွယ်ရေးဇုန် ဂိတ်နေရာ ကိုဝင်ရောက်ခဲ့တာတွေ့ရပါတယ်။ RPG အပါအဝင် လက်နက်ငယ်တွေနဲ့ချိန်ပြီး စစ်ကောင်စီရဲတွေ နေရာယူထား တဲ့ဂိတ်ကို လမ်းလျှောက်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီရဲတွေဟာ ပြန်လည်ခုခံချိန် တောင်မရလိုက်ဘဲ ကော်ဘရာစစ်သည်တွေကို လက်နက်အပ်နှံခဲ့ရတာဖြစ်ပါတယ်။ ပြန်လည်ခုခံဖို့စိတ်ကူးလည်း ရှိပုံမရပါဘူး။ ဒါကို ကြည့်မယ်ဆိုရင် တချို့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သေမထူး နေမထူး ဇာတ်ခင်းနေရပုံရပါတယ်။ အဓိပ္ပာယ် မရှိတဲ့တိုက်ပွဲကို ဆင်နွှဲနေရတယ်ဆိုတာသိပေမယ့် နောက်ဆုတ်ဖို့ အခက်တွေ့နေသူတွေ ရှိနေပုံလည်းရပါတယ်။ အဲဒီလိုလူမျိုးတွေအနေနဲ့ အကြမ်းဖက်စစ်ခေါင်းဆောင်အတွက်သေပေးမယ့်အစား ပြည်သူအတွက်သေပေးတာက ပိုပြီးမြင့်မြတ်မယ်လို့ပဲ ဒီနေရာကနေ တိုက်တွန်းလိုက်ချင်ပါတယ်။ လက်ရှိမှာ ပြည်သူ့ဘက်တော်သားတွေနဲ့ ပူးပေါင်းဖို့ အချိန်မီသေးတယ်လို့ အကြံပြုချင်ပါတယ်။ မကြာခင်မှာ အခုလို စစ်ဆင်ရေးမျိုးတွေ နေရာအနှံ့ပေါ် ပေါက်လာတော့မှာပါ။ အဲဒီအချိန်ရောက်မှဆိုရင်တော့ အချိန်မီမှာမဟုတ်တော့ပါဘူး။ အဲဒါကြောင့် အကြည်တော် စာအုပ်ထဲက ဘီလူးမျိုး မဖြစ်ချင်ဘူးဆိုရင်တော့ စစ်ကောင်စီတပ်သားတွေအနေနဲ့ ကိုယ့်အခြေအနေကိုယ်သိပြီး ပြည်သူ့တော်လှန်ရေးအင်အားစုတွေနဲ့ပူးပေါင်းဖို့ အချိန်တန်ပြီလို့ ထင်ပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly