ကရင်နီစစ်ဘေးရှောင်များအား ဆန်၊ ဆီ လှူဒါန်း 

By ဂျူချန်း မဇ္ဈိမ
01 April 2023
ကရင်နီစစ်ဘေးရှောင်များအား ဆန်၊ ဆီ လှူဒါန်း 

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်တွင် လူဦးရေ ၁၂၅ ဦးရှိသည့် စစ်ရှောင်စခန်းတစ်ခုအား ဧပြီလ ၁ ရက်နေ့တွင် ကျေးလက်မြေအဖွဲ့မှ ဆန်၊ဆီ နှင့် စားသောက်စရာများ လှူဒါန်းခဲ့ကြောင်း သိရသည်။ 

အဆိုပါ စစ်ရှောင်စခန်းရှိ အိမ်ထောင်စု တစ်စုလျှင် ဆန်လေးပြည် ဆီ ၅၀ကျပ်သား လှူဒါန်းခဲ့ပြီး အအေးနှင့်မုန့်များကိုလည်း ကလေးများအား လှူဒါန်းခဲ့ကြောင်း ကျေးလက်မြေအဖွဲ့ နာယက ဦးဇော်မင်းထိုက် ကပြောသည်။ 

“စစ်ရှောင်ဦးရေက တစ်အားများလာတော့ ကိုယ်ကိုယ်တိုင် မလှူနိုင်ရင်တောင်မှ ဒီစစ်ရှောင် ၂၃၀,၀၀၀ ဝန်းကျင်လောက်ကို တတ်နိုင်တဲ့ တစ်ဖက်တစ်လမ်းကနေ လိုင်းပေါ်ကနေဖြစ်ဖြစ် ၁၀၀ ပဲလှူနိုင် လှူနိုင် ၅၀ ပဲလှူနိုင်လှူနိုင် ဆက်စပ်တဲ့ ခေါင်းဆောင်တွေကနေ တစ်ဆင့် သူတို့ အလှူလေးတွေ ရစေချင်ပါတယ်” ဟု ဦးဇော်မင်းထိုက်က ပြောသည်။ 

ကရင်နီပြည်နယ်နေရာများအပြားတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များကြား တိုက်ပွဲဖြစ်ပွားလျက်ရှိရာ ဒေသခံ သိန်းနှင့်ချီ စစ်ဘေးရှောင်နေရသည့်အပြင်  ရေရှားပါးလာသောကြောင့် သောက်သုံးရေကအစ ဝယ်ယူသုံးစွဲနေရသဖြင့်လို့ အကူအညီများလည်း လိုအပ်လျက် ရှိနေကြောင်း သိရသည်။ 

လက်ရှိ ဒီးမော့ဆိုမြို့နယ် တစ်ခုတည်းတွင် စစ်ဘေးဒုက္ခသည် ၂၀,၀၀၀ နီးပါး ရှိနေပြီး ကရင်နီပြည်နယ် တစ်ခုလုံး အတိုင်းအတာအနေဖြင့် စစ်ဘေးရှောင် ၂၀၀,၀၀၀ နီးပါးရှိကြောင်း ကရင်နီ လူ့အခွင့်အရေးအဖွဲ့ (KnHRG) ၏ စာရင်းများမှ ဖော်ပြချက်များအရ သိရသည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required