စစ်အာဏာသိမ်းပြီး ၂နှစ်တာအတွင်း KNU ထိန်းချုပ်နယ်မြေအတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၃၀ ကျော်ပြုလုပ်

စစ်အာဏာသိမ်းပြီး ၂နှစ်တာအတွင်း KNU ထိန်းချုပ်နယ်မြေအတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၃၀ ကျော်ပြုလုပ်

ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေထဲတွင် စစ်အာဏာသိမ်းပြီး ၂နှစ်အတွင်း ၂၀၂၁ ခု ဖေဖော်ဝါရီလကစပြီး ၂၀၂၂ ခု ဒီဇင်ဘာလအထိ လေကြောင်းတိုက်ခိုက်မှု ၂၃၀ ရှိခဲ့ပြီး ပြည်သူတွေရဲ့ အိုးအိမ် အသက် ဆုံးရှုံးမှုများစွာ ရှိခဲ့တယ်လို့ ကေအန်ယူက အစီရင်ခံစာ ထုတ်ပြန်ပြောပါတယ်။

မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေကြောင့် ရှင်သန်မှု ပျောက်ဆုံးနေရသော လူသားများ ဆိုတဲ့ အစီရင်ခံစာကို မတ်လ ၂၇ ရက်နေ့မှာ ထုတ်ပြန်လိုက်တာဖြစ်ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းယူခဲ့တဲ့ စစ်ကောင်စီရဲ့ ၂ နှစ်တာကာလအတွင်း ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကေအန်ယူ - လူ့အခွင့်အရေး ကော်မတီ သုတေသနနဲ့ မှတ်တမ်းဌာနခွဲက ပြုစုထုတ်ပြန်ခဲ့တာပါ။

စစ်အာဏာသိမ်းပြီး ၂နှစ်အတွင်း စစ်တပ် ကကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုမြောက်သော လူ့အခွင့်အရေးချိုးဖောက်မှုအကြိမ်ပေါင်း တစ်ထောင် ကျော်ရှိခဲ့ကြောင်း အစီရင်ခံစာမှာဖော်ပြထားပါတယ်။

၂ နှစ်အတွင်း စစ်ကောင်စီက ပြည်သူလူထုကို ရန်သူသဖွယ် ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၂၃၀ တိတိ ကျူးလွန်ခဲ့ပြီး ပြည်သူ့နေအိမ် ၁၈၄ လုံး၊ ပြည်သူသေဆုံးမှု ၂၂ ဦး၊ ပြည်သူထိခိုက်မှု ၄၄ ဦးထိ ရှိခဲ့ကြောင်း အဆိုပါအစီရင်ခံစာမှာ ဖော်ပြပါတယ်။

အလားတူ စစ်ရဟတ်ယာဉ် အသုံးပြုတိုက်ခိုက်မှုကြောင့် ပြည်သူလူထုပိုင် အဆောက်အအုံ ၁၄ လုံး၊ ဆေးရုံ ၄ ခု၊ စာသင်ကျောင် ၃ ကျောင်း၊ ဘုန်းကြီး/သီလရှင်ကျောင်း ၃ ကျောင်းနဲ့ ဘုရားကျောင်း ၃ ကျောင်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်ရဲ့ နည်းမျိုးစုံနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကြောင့် ကျေးရွာနေ ပြည်သူ ၁၉၂ ဦး သေဆုံးခဲ့ရပြီး ၄၈၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ပေါ်တာဆွဲ၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးတာနဲ့ အကြောင်းမဲ့ဖမ်းဆီးခံရသူပေါင်း ၁,၃၀၁ ဦးရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဒါ့အပြင် ကေအန်ယူအုပ်ချုပ်တဲ့ဒေသတွေမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ ကိစ္စရပ်တွေကို အဓိက မှတ်တမ်းပြုစုတဲ့ ကရင်အမျိုးသမီးအစည်းအရုံး (KWO) ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီးတော့လည်း ၁ ရက်နေ့မှစတင်ကာ ကော်သူးလေဒေသအတွင်းရှိ အသတ်ခံရတဲ့ အမျိုးသမီး ၃၀ ရှိပြီး ဒဏ်ရာရတဲ့ အမျိုးသမီး ၁၁၇ ဦးရှိခဲ့ကြောင်းလည်း ဖော်ပြပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂအနေနဲ့ အရပ်သားပြည်သူတွေ တိုက်ခိုက်ခံရခြင်းမှ ကာကွယ်နိုင်ရေးနဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပံ့ပိုးနိုင်ဖို့အတွက် မြန်မာနိုင်ငံမှာ  စစ်ရေးအရ လေယာဉ်မပျံသန်းရဇုန်ကို ကြေညာပြီး လိုက်နာမှုရှိစေဖို့နဲ့ နိုင်ငံတကာမှ တာဝန်ယူ စောင့်ကြပ်ပေးဖို့ တောင်းဆိုထားပါတယ်။

ဒါ့အပြင် အရပ်သားပြည်သူတွေကို အကာအကွယ်ပေးနိုင်တဲ့ လုံခြုံတဲ့နေရာတွေ (safe zones) ထောက်ပံ့ပေးဖို့၊ ပြည်တွင်းနေရပ်စွန့်ခွာသူ စစ်ဘေးရှောင် (IDPs) စခန်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ စာသင်ကျောင်းတွေလို နေရာတွေ တိတိကျကျ သတ်မှတ်ကြေညာဖို့ ကေအန်ယူက တောင်းဆိုထားပါတယ်။

ပြီးခဲ့သည့် မတ်လ ၂၅ ရက်က မြဝတီ၊ ကျုံဒိုး၊ ကော့ကရိတ်မြို့နယ်တွေမှာ စစ်တပ်နဲ့  ကရင်တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေရာ အာရှလမ်းမကြီးကို ပိတ်ထားရပြီး စစ်ရေးတင်းမာနေကြောင်းလည်းသိရပါတယ်။

အဆိုပါတိုက်ပွဲအတွင်း စစ်တပ်ဖက်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများနဲ့ ပစ် ခတ်မှုများကြောင့် အရပ်သားပြည်သူ ၃ ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

အိမ်နီးချင်း ထိုင်းနိုင်ငံအစိုးရအနေနဲ့လည်း တိုက်ပွဲကနေ ထွက်ပြေးတိမ်းရှောင်နေသူတွေကို  နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဝင်ရောက်တွေ့ဆုံခွင့်နဲ့ လိုအပ်တဲ့ အကူအညီတွေ ပေးအပ်နိုင်ရေး  ကူညီပံ့ပိုးမှုတွေ ဆောင်ရွက်ပေးဖို့လည်း အစီရင်ခံစာမှာ တောင်းဆိုထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly