NLD ပါတီအပါအဝင် နိုင်ငံရေးပါတီတွေ ဖျက်သိမ်းမှု စစ်ကောင်စီကို နိုင်ငံတကာ ပြစ်တင်ဝေဖန်

NLD ပါတီအပါအဝင် နိုင်ငံရေးပါတီတွေ ဖျက်သိမ်းမှု စစ်ကောင်စီကို နိုင်ငံတကာ ပြစ်တင်ဝေဖန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ ၃၉ ပါတီကို နိုင်ငံရေးပါတီအဖြစ်က စစ်ကောင်စီက ဖျက်သိမ်းလိုက်တာကို နိုင်ငံတကာက ကြေညာချက်တွေ ထုတ်ပြန်ပြီး ဝေဖန်လိုက်ပါတယ်။

ကမ္ဘာ့အင်အားကြီး နိုင်ငံဖြစ်တဲ့ အမေရိကန်အပါအဝင်  ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ သြစတြေးလျ၊ ဂျပန်စတဲ့ နိုင်ငံတွေက ကြေညာချက်တွေ ထုတ်ပြန်ကြတာပါ။ ဒါဟာ မြန်မာလူထုရဲ့ အခွင့်အရေးနဲ့ လွတ်လပ်ခွင့်ကို ထိပါးတာပဲလို့ ဗြိတိန်နိုင်ငံခြားရေးရုံးက ပြောကြားပါတယ်။ 

စစ်တပ်က အာဏာဆုပ်ကိုင်နိုင်မယ့် ရွေးကောက်ပွဲအတွက် သတ်မှတ်ရက်အတွင်း မှတ်ပုံမတင်လို့ NLD နဲ့ အခြားနိုင်ငံရေးပါတီ ၄၀ ခန့်ကို မတ်လ ၂၈ ရက်မှာ စစ်ကောင်စီက ဖျက်သိမ်းကြောင်းကြေညာခဲ့ပါတယ်။ 

မြန်မာစစ်ကောင်စီဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်တာကို ကျနော်တို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပါ တယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ ဗီဒန့်ပက်တဲလ်က မတ်လ ၂၉ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

မြန်မာနိုင်ငံမှာ သက်ဆိုင်သူအားလုံး ပါဝင်မှုမရှိတဲ့ ဘယ်လို ရွေးကောက်ပွဲမျိုးကိုမဆို လွတ်လပ်ပြီး မျှတတယ်လို့ မဆိုနိုင်ပါဘူး၊ အခုဆိုရင် စစ်အုပ်ချုပ်ရေးကို တစ်နိုင်ငံလုံးအနှံ့ ကျယ်ကျယ်ပြန့်ပြန့် ဆန့်ကျင် တော်လှန်နေကြတာကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီရဲ့ တစ်ဖက်သတ် ရွေးကောက်ပွဲကျင်းပဖို့ တွန်းအားပေးနေတာတွေက မတည်ငြိမ်မှုတွေပဲ တိုးလာစေလိမ့်မယ်လို့ သူက ပြောပါတယ်။

ဂျာမနီဖက်ဒရယ်အစိုးရ နိုင်ငံခြားရေးရုံးပြောခွင့်ရသူက ထုတ်ပြန်တဲ့ ကြေညာချက်မှာ စစ်ကောင်စီရဲ့လုပ်ရပ်ကို ရှုတ်ချပြီး အကြမ်းဖက်မှုတွေ အထူးသဖြင့် အရပ်သားတွေကို တိုက်ခိုက်နေတာတွေနဲ့ အတိုက်အခံတွေကို ရက်ရက်စက်စက်ဖိနှိပ်နေတာ ရပ်ဆိုင်းဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး ပြန်လွှတ်ပေးဖို့ တိုက်တွန်းပါတယ်။

မြန်မာလူထုရဲ့ဆန္ဒကို စစ်ကောင်စီက ငြင်းဆန်တာကို ပြင်သစ်နိုင်ငံကလည်း ရှုတ်ချလိုက်ပါတယ်။

ဂျပန်နဲ့ သြစတြေးလျနိုင်ငံတို့က စိုးရိမ်မကင်းဖြစ်ရတယ်လို့ ပြောကြားပြီး နိုင်ငံဒီမိုကရေစီ ပြန်လည်ရရှိအောင် သက်ဆိုင်သူတွေအားလုံး ပိုမိုပါဝင်တဲ့ လုပ်ငန်းစဉ်ဖော်ဆောင်ဖို့ စစ်ကောင်စီကို တိုက်တွန်းပါတယ်။

NLD ကို နိုင်ငံရေးလုပ်ငန်းစဉ်ကနေ ဖယ်ထုတ်လိုက်တာဟာ မြန်မာနိုင်ငံအခြေအနေတိုးတက်ဖို့ ဆောင်ရွက်ရတာ ပိုမိုခက်ခဲစေလိမ့်မယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD တာဝန်ရှိသူတွေကို ချက်ချင်းပြန်လွှတ်ဖို့လည်း စစ်ကောင်စီကို ဂျပန်နိုင်ငံက တိုက်တွန်းပါတယ်။ 

သြစတြေးလျနိုင်ငံခြားရေးနဲ့ကုန်သွယ်ရေးဌာနကလည်း တင်းကျပ်တဲ့ ရွေးကောက်ပွဲဆိုင်ရာလိုအပ်ချက်တွေကြောင့် နိုင်ငံရေးနယ်ပယ် ဒီထက်မက ကျဉ်းမြောင်းသွားမှာ စိုးရိမ်တယ်လို့ ပြောပါတယ်။ 

စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို အနီးကပ်ဆက်လက်စောင့်ကြည့်နေမယ်လို့လည်း ပြောပြီး အများယုံကြည်လက်ခံတဲ့ ရွေးကောက်ပွဲအပါအဝင် ဒီမိုကရေစီ ပြန်လည်တည်ဆောက်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

စစ်ကောင်စီအာဏာ သက်တမ်းရှည်ဖို့ အသစ်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေနဲ့နည်းဥပဒေတွေအရ ရွေးကောက်ပွဲကော်မရှင်မှာ ရက်ပေါင်း ၆ဝ အတွင်း နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံမတင်တဲ့အတွက် ဖျက်သိမ်းလိုက်တာလည်း ဖြစ်ပါတယ်။

ရက်မသတ်မှတ်ရသေးသော စစ်ကောင်စီကပြုလုပ်မယ့် ရွေးကောက်ပွဲကို NLD က တရားမဝင်ကြောင်းဆိုထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required