ကျောက်တော်တွင်  စစ်ဘေးရှောင်ဦးရေ ၃,၅၀၀ ခန့်ကို  နေရပ်ပြန်ရန်ညွှန်ကြား၊ စခန်း ၃ ခုအား အပြီးဖျက်သိမ်းခိုင်း 

By မီးမီး ( မဇ္စျိမ)
31 March 2023
ကျောက်တော်တွင်  စစ်ဘေးရှောင်ဦးရေ ၃,၅၀၀ ခန့်ကို  နေရပ်ပြန်ရန်ညွှန်ကြား၊ စခန်း ၃ ခုအား အပြီးဖျက်သိမ်းခိုင်း 

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်း ၁၀ခုမှ စစ်ဘေးရှောင်ဦးရေ ၃,၅၀၀ ခန့်အား စစ်ကောင်စီတပ်က ယမန်နေ့ မတ်လ ၃၀ရက်မှစ၍ နေရပ်ပြန်ခိုင်းထားခြင်းဖြစ်ကာ စစ်ဘေးရှောင်စခန်း သုံးခုအားလည်း အပြီး ဖြိုဖျက်ခိုင်းထားကြောင်း  သိရသည်။ 

စစ်ကောင်စီလက်အောက်ခံ မြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ငွေကျပ် ၆၀၀,၀၀၀ ပေးပြီး ချက်ချင်းနေရပ်ပြန်ခိုင်းခြင်းဖြစ်ကြောင်း မဟာမုနိစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်တစ်ဦးက ဆိုသည်။ 

“မနေ့ကတည်းက ပြန်နေကြတာရှိပါတယ်။ စခန်းတွေကိုလည်း အပြီး ဖြိုခိုင်းထားပါတယ်။ ကျနော်တို့ဆို ထမင်းတောင် မစားရဘဲ အပြီး ပြောင်းကြရတယ်။ ချက်ချင်းဖြို ခိုင်းတာပေါ့။ ပိုက်ဆံပေးပြီးတာနဲ့ အကုန်ပြန်ခိုင်းတယ်။ စခန်းကိုလည်း ဖြိုခိုင်းတာပါ ။ စခန်းက ဒီနေ့ဆို အကုန်အပြီး ဖြိုခဲ့ရမှာပါ ” ဟု ၎င်းက ဆိုသည်။  

ထိုသို့ စစ်ကောင်စီတပ်က ဖိအားပေးနေသည့်အတွက် ကျောက်တော်မြို့ရှိ နေပူခံ စစ်ဘေးရှောင်စခန်း၊ သိမ်ပြင်စစ်ဘေးရှောင်စခန်း၊  COC စစ်ဘေးရှောင်စခန်း၊ ရှမ်းရွာစစ်ဘေးရှောင်စခန်း၊ တောင်မင်းကုလားစစ်ဘေးရှောင်စခန်း၊  ကဝိရတနာစစ်ဘေး ရှောင်စခန်း၊ ရထားဘူတာစစ်ဘေးရှောင်စခန်း၊ မဟာမုနိစစ်ဘေးရှောင်စခန်း၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းနှင့် သိမ်ကျောင်းစစ်ဘေးရှောင်စခန်း စုစုပေါင်း စခန်း ၁၀ခုမှ အိမ်ထောင်စု ၆၄၄ စု၊လူဦးရေ ၃,၅၀၀ခန့်မှာ  ၎င်းတို့ကျေးရွာများသို့ နေရပ်ပြန်နေကြရသည်ဟု သိရသည်။ 

ယင်းစခန်းများထဲမှ  သိမ်ကျောင်းစစ်ဘေးရှောင်စခန်း၊ ရှမ်းရွာစစ်ဘေးရှောင်စခန်းနှင့် မဟာမုနိစစ်ဘေးရှောင်စခန်း တို့ကို ယနေ့ မတ်လ ၃၁ရက် နောက်ဆုံးထား၍ စစ်ကောင်စီတပ်က အပြီးဖျက်သိမ်းခိုင်းထားခြင်း ဖြစ်သည်ဟု ဆိုသည်။ 

စစ်ဘေးရှောင်များအနေဖြင့် မိမိနေရပ်ပြန်ရခြင်းမှာ ပြန်ချင်၍ ပြန်ခြင်းမဟုတ်ဘဲ စစ်ကောင်စီတပ်က ဖိအားပေးသည့်အတွက် ပြန်ရခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်များက ဆိုကြသည်။ 

“သူတို့က အခုပြန်ရင် ပိုက်ဆံရမယ်ပေါ့။ ဖယ်ခိုင်းတဲ့အထိနေရင် ဘာပိုက်ဆံမှ  မရဘူး။ အခု ပိုက်ဆံရတုန်းပြန်ကြဆိုတဲ့သဘော ပြောပါတယ်။ နောက်ပြီး သူတို့ ပေးတဲ့ ပိုက်ဆံကလည်း ကျမတို့အတွက် လုံလောက်မှုရှိတဲ့ အနေအထားလည်း မဟုတ်ပါဘူး” ဟု သိမ်ကျောင်းစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်တစ်ဦးက ဆိုသည်။ 

စစ်ဘေးရှောင်များအနေဖြင့် စစ်ကောင်စီတပ်ကပေးသည့် ယခုငွေ ၆၀၀,၀၀၀ ကျပ်မှာ နေအိမ်ဆောက်လုပ်ရန်အတွက် မလုံမလောက်သည့် အနေအထားဖြစ်ကြောင်းလည်း ဆိုကြသည်။ 

အဆိုပါထောက်ပံ့ငွေကို စစ်ကောင်စီနှင့်  ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP)တို့က ပူးတွဲ ထောက်ပံ့ခြင်းဖြစ်ပြီး အပြီးဖျက်သိမ်းသည့် စစ်ဘေးရှောင်စခန်း သုံးခုမှ နေရပ်မပြန်လိုသည့် အိမ်ထောင်စု ၂၆ စုအား အနီးရှိ စစ်ဘေးရှောင်စခန်းများတွင် စခန်းပေါင်းထားကြောင်း သိရသည်။ 

နေရပ်မပြန်လိုသည့် အိမ်ထောင်စု ၂၆ စုမှာ မဟာမုနိစစ်ဘေးရှောင်စခန်းမှ ၁၇ စုနှင့် သိမ်ပြင်စစ်ဘေးရှောင်စခန်းမှ ကိုးစုဖြစ်ကြောင်း သိရသည်။ 

နေပူခံစစ်ဘေးရှောင်စခန်းမှ စစ်ရှောင်တစ်ဦးက “ကျနော်တို့မှာက နေအိမ်က ပြန်ပြီးတော့ လုပ်ရမယ့်အပိုင်းတွေရှိတယ်။ မနေ့က ငွေခြောက်သိန်းရတယ်။ ဒီငွေတွေက ကျနော်တို့အတွက် လုံလောက်တဲ့အနေအထားလည်း မဟုတ်တော့ ကျနော်တို့မှာ စားဝတ်နေရေးအတွက် အခက်အခဲတွေ များတာပေါ့” ဟု ၎င်းက ဆိုသည်။ 

ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများမှ အိမ်ထောင်စု ၁,၀၀၀ ကျော်ခန့်သည် နေရပ်ပြန်ရန် စစ်ကောင်စီတပ်ထံတွင် စာရင်းပေးထားခြင်းဖြစ်သော်လည်း စစ်ကောင်စီတပ်အနေဖြင့် ဘတ်ဂျက်လုံလောက်မှုမရှိသည့်အတွက် စာရင်းပေးထားသည့် အထဲမှ  အိမ်ထောင်စု ၆၄၄ စုကိုသာ နေရပ်ပြန်ခိုင်းထားခြင်း ဖြစ်သည်ဟု သိရသည်။ 

စစ်ကောင်စီတပ်အနေဖြင့် ယခုကဲ့သို့ နေရပ်ပြန်ခိုင်းရာတွင် မိုင်းရှင်းလင်းရေးနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ ပြောဆိုခဲ့ခြင်းမရှိကြောင်းလည်း စခန်းတာဝန်ခံများထံမှ သိရသည်။ 

နေရပ်ပြန်ကြသည့် စစ်ဘေးရှောင်များအနေဖြင့် တိုက်ပွဲပြန်လည် ဖြစ်ပွားလာမည်ကို စိုးရိမ်မှုများရှိနေကြပြီး စားဝတ်နေရေး အခက်အခဲများကိုလည်း စိုးရိမ်နေကြသည်။ 

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများကြောင့် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ခုနှစ်အတွင်း စစ်ဘေးရှောင်ဦးရေ နှစ်သိန်းကျော်ရှိခဲ့ရာ ‌တိုက်ပွဲများမဖြစ်ပွားတော့သည့် ကာလတွင် နေရပ်ပြန်သူများလည်းရှိခဲ့ပြီး ၂၀၂၂ခုနှစ် ဇူလိုင်လအတွင်းမှစ၍ တစ်ကြော့ပြန် တိုက်ပွဲများကြောင့် ထပ်မံတိမ်းရှောင်လာသူများနှင့် ယခင်ရှိပြီးသား စစ်ဘေးရှောင်ဦးရေ ၇၀,၀၀၀ ခန့် ရှိနေကြောင်း သိရသည်။ 

လက်ရှိတွင် စစ်ကောင်စီက  နယ်မြေတည်ငြိမ်အေးချမ်းနေပြီဟုဆိုကာ စခန်းများကို ဖျက်သိမ်းခိုင်းပြီး စစ်ဘေးရှောင် ၅,၀၀၀ ခန့်အား ဇန်နဝါရီလမှ စတင်ကာ ဖိအားပေးပြီး နေရပ်ပြန်ခိုင်းနေသည့်အတွက် စစ်ဘေးရှောင်များအနေဖြင့် ၎င်းတို့နေရပ်သို့ ပြန်နေကြရခြင်းဖြစ်သည်ဟု သိရသည်။

စာတည်း။    ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly