မြန်မာ့အိမ်နီးချင်းနိုင်ငံများနှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအား အများပါဝင်နိုင်သည့်  နိုင်ငံရေးလုပ်ငန်းစဉ်ဆောင်ရွက်ရန် ကုလတိုက်တွန်း

မြန်မာ့အိမ်နီးချင်းနိုင်ငံများနှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအား အများပါဝင်နိုင်သည့်  နိုင်ငံရေးလုပ်ငန်းစဉ်ဆောင်ရွက်ရန် ကုလတိုက်တွန်း

မြန်မာနိုင်ငံမှာ အများပါဝင်နိုင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ် ဆက်လက်ကျင့်သုံးနိုင်အောင် တွန်းအားပေးကြဖို့ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေနဲ့ တခြား ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်က တိုက်တွန်းလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းလိုက်တဲ့အပေါ် အထူးစိုးရိမ်ကြောင်းနဲ့ အဖွဲ့အစည်းအားလုံး ပါဝင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ် ဆက်ကျင့်သုံးနိုင်အောင် ဝိုင်းဝန်းဆောင်ရွက်ကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် António Guterres က တိုက်တွန်းလိုက်ကြောင်း အတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရက Stephane Dujarric ကုလရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားတာဖြစ်ပါတယ်။

ဒီမိုကရေစီအဖွဲ့အစည်းတွေနဲ့ လုပ်ငန်းစဉ်ကို အားလျော့စေဖို့ ဘယ်လိုကြိုးပမ်းချက်မဆို ပြဿနာပိုကြီးထွားရုံပဲရှိမယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောပါတယ်။

သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားသူအားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့လည်း ထပ်လောင်းတောင်းဆိုတဲ့အကြောင်း ကြေညာချက်မှာဖော်ပြပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ အတိုက်အခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီကို ဖျက်သိမ်းလိုက်တာကြောင့် နိုင်ငံမှာ မတည်ငြိမ်မှုတွေ ပိုများလာလိမ့်မယ်လို့ အမေရိကန်ပြည်ထောင်စုက စစ်ကောင်စီကို သတိပေးလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Anthony Blinken ကလည်း မြန်မာစစ်ကောင်စီက NLD အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းလိုက်တဲ့အပေါ် အမေရိကန်ပြည်ထောင်စုက အပြင်းအထန် ရှုတ်ချကြောင်း ပြောကြားလိုက်ပြီး သက်ဆိုင်တဲ့ အဖွဲ့အစည်းအားလုံး မပါတဲ့ ဘယ်ရွေးကောက်ပွဲမဆို မြန်မာလူထုရဲ့ ဆန္ဒကို ထင်ဟပ်စေမှာ မဟုတ်ဖူးလို့ တွစ်တာကနေ သတိပေးလိုက်ပါတယ်။

NLD အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို စစ်ကောင်စီက ဖျက်သိမ်းခဲ့တာအတွက် အမေရိကန်အပြင် ဗြိတိန်၊ သြစတေးလျနဲ့ ဂျပန်နိုင်ငံတွေကလည်း အပြစ်တင် ဝေဖန်နေကြတာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly