စစ်ကိုင်းမြို့နယ် ပုဏ္ဏားယာကွေ့ရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် လက်နက်ကြီးများဖြင့် တိုက်ခိုက်ခံရ

By ဂျူနို (မဇ္စျိမ)
31 March 2023
စစ်ကိုင်းမြို့နယ် ပုဏ္ဏားယာကွေ့ရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် လက်နက်ကြီးများဖြင့် တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ပုဏ္ဏားယာကွေ့ရွာသို့ ဝင်ရောက်လာသော စစ်ကောင်စီတပ်စစ်ကြောင်းကို ယမန်နေ့မတ်လ ၃၀ ရက်‌နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းနယ် တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြောင်း တိုက်နယ်စွန် PDF က မဇ္ဈိမကိုပြောသည်။ 

''မနက် ၇ နာရီမှာ ပုဏ္ဏားယာကွေ့မှာ  ခွေးစစ်ကြောင်း(စကစ တပ်စစ်ကြောင်း) ရောက်ရှိနေတယ်လို့ သတင်းရရှိတဲ့အတွက် တိုက်နယ်စွန် PDF အဖွဲ့က တပ်စိတ် နှစ်စိတ်ပြင်ဆင်ပြီး ပုဏ္ဏားယာကွေ့က ခွေး(စစ်ကောင်စီတပ်သား)တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။''ဟု  တိုက်နယ်စွန် PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံ စွန်နက်က မဇ္ဈိမကိုပြောသည်။ 

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများမှာ ယမန်နေ့ နံနက် ၇ နာရီ ၅၀ မိနစ်ခန့်တွင်  ပုဏ္ဏားယာကွေ့မှ အင်းထဲဘက်ရှိ ရွာသို့ ထွက်ပြေးသွားကြောင်း အဆိုပါ ပြန်ကြားရေး တာဝန်ခံ စွန်နက်က ဆိုသည်။ 

ထို့အပြင် နံနက် ၈ နာရီကျော်၌ မောင်းထောင်ရွာဘက်မှ စစ်ကောင်စီတပ်စစ်ကြောင်းတစ်ခုမှလည်း တံတားဦးဘက်မှ ပြန်လည်ဆုတ်ခွာလာပြီး ညောင်ပင်ဝန်းရဲစခန်းဝန်းထဲသို့ ပြန်လည်ဝင်ရောက်သည်ကို ကြားသိရ၍ လက်နက်ကြီးများဖြင့် ညောင်ပင်ဝန်းရဲစခန်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ 

''ကျွန်တော်တို့တိုက်နယ်စွန် PDF အဖွဲ့က  နောက်ထပ် တပ်စိတ် နှစ်စိတ် ပြင်ဆင်ပြီး ဗိုလ်မိုးကြိုးအဖွဲ့နှင့်အတူ နေရာယူပြီးတော့ ညောင်ပင်ဝန်းခွေးခြံ (ရဲစခန်း)ကို လက်နက် ကြီးများဖြင့် သွားပြီး ထုခဲ့ပါတယ်။''  ဟု တိုက်နယ်စွန် PDF အဖွဲ့ ပြန်ကြားရေး တာဝန်ခံ စွန်နက်က မဇ္ဈိမကိုပြောသည်။ 

အဆိုပါတိုက်ခိုက်မူကို တိုက်နယ်စွန် PDF အဖွဲ့နှင့်အတူ ဗိုလ်မိုးကြိုး၊ စွန်ရဲ ၊မြို့နယ် ပ.က.ဖ တို့နှင့်အတူ အခြား မဟာမိတ်အဖွဲ့များပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။ 

တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ သေဆုံးမှု စာရင်းကို အတည်မပြု နိုင်သေးကြောင်းနှင့် သတင်းရရှိသည့်အခါ ပြန်လည်ပြင်ဆင်ပြီး တင်ပြသွားမည်ဟု တိုက်နယ်စွန် PDF အဖွဲ့က ထုတ်ပြန်ထားသည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly