ပုလဲ အင်မထီးပျူရွာအနီး တိုက်မိုင်းမိ၍ စစ်သား ၁ ဦးနှင့်ပျူ ၂ ဦးသေဆုံး

By လွှမ်းမိုး (မဇ္ဈိမ)
30 March 2023
ပုလဲ အင်မထီးပျူရွာအနီး တိုက်မိုင်းမိ၍ စစ်သား ၁ ဦးနှင့်ပျူ ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊အင်မထီးကျေးရွာမှ စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့ ကင်းလှည့်လာစဉ် ဒေသကာကွယ်ရေးတပ်ဖွဲ့များ ထောင်ထားသည့် တိုက်မိုင်းကိုနင်းမိပြီး စစ်သားတဦးနှင့်ပျူစောထီးနှစ်ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း အမှတ်-၇ ၊ ပုလဲမြို့နယ် အခြေစိုက် ပုလဲတပ်ရင်း-၁ နှင့် Royal Eagle PDF တပ်ဖွဲ့တို့ ပူးပေါင်း၍ မတ်လ ၂၆ ရက် နံနက် ၁၀ နာရီခန့်က တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။ပျူစောထီးနှစ်ဦးနှင့် စစ်သား တဦး သေဆုံးခဲ့သည့်အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း Royal Eagle PDFကဆိုသည်။

“ စစ်သားနဲ့ပျူတွေ မကြာခဏ ထွက်လေ့ ရှိတာကို သတင်းကြားတဲ့အတွက် တိုက်မိုင်းတွေ ထောင်ထားတာ ဖြစ်ပါတယ်။ အတွင်းသတင်းအရ တိုက်မိုင်း တလုံးကွဲတယ်။ ပျူ နှစ်ဦးနဲ့စစ်သားတဦး သေဆုံးတယ်။ စစ်သားခြောက် ဦးဒဏ်ရာ ရရှိခဲ့တယ်” ဟု Royal Eagle PDF မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က အင်မထီးကျေးရွာ အနီးတဝိုက်တွင် ဘန်ကာများအခိုင်အမာ တည်ဆောက်၍ ခံတပ်ကဲ့သို့ ပြင်ဆင်ထားကာ အချိန်ပြည့် ကင်းပတ်နေကြောင်း သိရသည်။ အင်မထီးကျေးရွာသည် စစ်ကောင်စီခြေကုပ်ယူထားသည့် ကျေးရွာဖြစ်ပြီး ပျူစောထီးရွာအဖြစ် နာမည်ကြီးသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly