ဆားလင်းကြီးတွင် တပ်မ (၉၉) စစ်ကြောင်း စနိုက်ပါဖြင့်ပစ်ခတ်ခံရပြီးတစ်ဦးသေ

By KMN မဇ္ဈိမ
30 March 2023
ဆားလင်းကြီးတွင် တပ်မ (၉၉) စစ်ကြောင်း စနိုက်ပါဖြင့်ပစ်ခတ်ခံရပြီးတစ်ဦးသေ

ဆားလင်းကြီးမြို့နယ်တွင် စစ်တပ်ထောက်ခံပွဲပြုလုပ်ပြီး ပြန်လာသည့် တပ်မ (၉၉) စစ်ကြောင်း စနိုက်ပါဖြင့်ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံးကြောင်း National Revolutionary Guards (NRG/Salingyi) မှ ထုတ်ပြန်သည်။ 

မတ်လ ၂၉ ရက်နေ့၊ နံနက် ၇ နာရီဝန်းကျင်ခန့်တွင် တပ်ထောက်ခံပွဲမှပြန်လာသော အင်အား ၁၅၀ ခန့် ရှိသည့်စစ်ကြောင်းကို ဆားလင်းကြီးမြို့မြောက်ဖက် နယ်ခြားကျောင်းအနီး၌ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်ခဲ့တာပါ။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်ရဲ့ စနိုက်ပါလက်ချက်နဲ့ စစ်သားတစ်ယောက် နေရာမှာ သေဆုံးခဲ့ပါတယ်။ နှစ်ဖက်အပြန်အလှန် လက်နက်ကြီးလက်နက်ငယ် တွေနဲ့ ၁၅ မိနစ်လောက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်” ဟု National Revolutionary Guards ဒုတပ်ရင်းမှူး ဗိုလ်သူရိန်က မဇ္ဈိမသို့ပြောသည်။

ယင်းနေ့  ညနေ ၆ နာရီခန့်တွင်လည်း အဆိုပါစစ်ကြောင်းကို National Revolutionary Guards (NRG/Salingyi)၊ Chindwin Dynamite၊ MPDF ပူးပေါင်းတပ်များမှ၏ ပူးပေါင်းတိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။

စစ်ကြောင်းသည် ချင်းတွင်းမြစ်ကြောင်းမှ စက်လှေနှစ်စီးကို ချောဆွဲကာ လက်ပံတောင်းရွာ ဘက်ကမ်းသို့ လက်နက်ခဲယမ်းပို့ဆောင်ရန် ဆိုက်ကပ်ချိန်တွင် တိုက်ခိုက်ခဲ့ခြင်းဟု NRG ဒုတပ်ရင်းမှူးက ပြောသည်။

တိုက်ခိုက်မှုကြောင့် ၎င်းစက်လှေနှစ်စီးသည် မြစ်ကမ်းဘေးရှိရွာများသို့ လက်နက်ကြီး၊ လက်နက်ငယ်များ ဖြင့် ရမ်းသန်းပစ်ခတ်ကာ မုံရွာနန်ချွန်ဆိပ်ကမ်းသို့ ဆိုက်ကပ်သွားကြောင်း သိရသည်။

ထို့ပြင် လက်ပံတောင်းရွာ၌ ညအိပ်ကျန်ရှိခဲ့သည့် အင်အား ၈၀ ခန့်ပါစစ်ကြောင်းမှ တပ်ဖွဲ့ဝင်အချို့သည် မတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ဝမ်ပေါင်ကုမ္မဏီဘက်သို့ ထွက်ခွာသွားကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့နယ် အရှေ့မြောက်ခြမ်းတွင် စစ်ကောင်စီတပ်က မတ်လ ၂၉ ရက် နံနက် ၇ နာရီ အချိန်မှစတင်၍ စစ်ကြောင်းထိုးနေခြင်းကြောင့် ဒေသခံပြည်သူ ၁၀,၀၀၀ ခန့် နေရပ်စွန့်ခွာ စစ်ရှောင်နေရကြောင်း သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly