ရေစကြိုမှာ ဘုန်းကြီးကျောင်းအတွင်းတပ်စွဲထားသည့် စစ်ကောင်စီတပ်များကို တိုက်ခိုက် ၁ဦးသေဆုံး 

By MTO မဇ္ဈိမ
30 March 2023
ရေစကြိုမှာ ဘုန်းကြီးကျောင်းအတွင်းတပ်စွဲထားသည့် စစ်ကောင်စီတပ်များကို တိုက်ခိုက် ၁ဦးသေဆုံး 

မကွေးတိုင်း၊ ရေစကြိုမြို့နယ် အမှတ် (၁) ရပ်ကွက် ကပ်ကျော်ဘုန်းကြီးကျောင်းအတွင်းတပ်စွဲထားသည့်  စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို မတ်လ ၂၉ ရက်နေ့ နေ့လယ်ပိုင်းတွင် သွားရောက်ပစ်ခတ်ခဲ့ရာ အရာရှိတစ်ဦး သေဆုံးပြီး တစ်ဦး ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း Myingyan Black Tiger-MBT အဖွဲ့ က ထုတ်ပြန်ကြေငြာ သည်။ 

ဘုန်းကြီးကျောင်းအတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆံပင်ညှပ်နေသည် ဟု သတင်းပေး၏ သတင်းပေးပို့မှုကြောင့် သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း MBT အဖွဲ့က ဆိုသည်။ 

“ကျတော်တို့ ပထမဆုံးဝင်ရောက်ပစ်ခတ်ခဲ့တဲ့အချိန်မှာ အရာရှိတစ်ဦးသေတယ်၊ နောက်တစ်ယောက်က တော့ မသေသေးဘဲ သေမလိုဖြစ်နေတယ်လို့  သတင်းပေးက ပြောပါတယ်” ဟု MBTအဖွဲ့ခေါင်း ဆောင် ဗိုလ်မိုက်ခဲက ပြောသည်။ 

ကပ်ကျော်ဘုန်းကြီးကျောင်းတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁၀ ဦးကျော်လောက်သာရှိပြီး ပစ်ခတ်ခံလိုက်ရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်မှ လည်းပြန်လည်ပစ်ခထ်ခဲ့ပြီးနောက် ရပ်ကွက် အတွင်းထိ လိုက်လံပစ်ခတ်ခဲ့ကြောင်း ဗိုလ်မိုက်ခဲက ဆိုသည်။ 

၎င်းက “ သူတို့ဘက်က နောက်ကလိုက်ပစ်တယ်၊ ကျတော်တို့သေနတ်က နောက်ထပ် ကျည်ဘောက် တစ်ဘောက်ထည့်ပစ်လို့ မရတဲ့အတွက် ပြန်ပြီး မပစ်ခဲ့ဘူး” ဟုပြောသည်။ 

ပြီးခဲ့သည့် မတ်လ ၂၆ ရက်နေ့ကလည်း ကပ်ကျော်ဘုန်းကြီးကျောင်းအတွင်းမှာတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို MBT အဖွဲ့ က သွားရောက်တိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးသွားကြောင်း Myingyan Black Tiger -MBT အဖွဲ့ ကထုတ်ပြန်ထားသည်။ 

စာတည်း -သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required