ပင်လောင်းနှင့် ဖယ်ခုံအစပ်တွင် တိုက်ပွဲဝင်နေသူများအတွက် ရိက္ခာဖြည့်တင်းရန် အရေးပေါ်လိုအပ်နေဟု SSRY ထုတ်ပြန် 

By 001 မဇ္စျိမ
30 March 2023
ပင်လောင်းနှင့် ဖယ်ခုံအစပ်တွင် တိုက်ပွဲဝင်နေသူများအတွက် ရိက္ခာဖြည့်တင်းရန် အရေးပေါ်လိုအပ်နေဟု SSRY ထုတ်ပြန် 

ရှမ်းပြည်နယ် တောင်ပိုင်း ၊ ပင်လောင်းမြို့နယ်နှင့် ဖယ်ခုံမြို့နယ်အစပ်တွင် တိုက်ပွဲဝင်နေသော တပ်ခွဲများအတွက် ရိက္ခာဖြည့်တင်းရန် အရေးပေါ်လိုအပ်နေကြောင်း အမှတ်(၁၀၀၈)တပ်ရင်း (SSRY)က မတ်လ ၂၉ ရက်နေ့က ထုတ်ပြန်ထားသည်။ 

အမှတ် (၁၀၀၈) တပ်ရင်း (SSRY) အနေဖြင့် ပင်လောင်းနှင့် ဖယ်ခုံအစပ်တွင် မဟာမိတ်အဖွဲ့များနှင့် ပူးပေါင်းပြီးတိုက်ပွဲဝင်နေသည်မှာ တစ်လကျော်ကြာမြင့်လာပြီဖြစ်ပြီး ရှေ့တန်းရဲဘော်များအတွက် လက်နက်ခဲယမ်းများမှာ ပိုအရေးပါသည့်အတွက် တိုက်ပွဲအတွင်း လက်နက်ခဲယမ်းများကိုသာ အဓိကဖြည့်တင်းခဲ့ရကြောင်း SSRYက ထုတ်ပြန်သည်။ 

“တပ်ရင်းရိက္ခာခန်းကို ပြန်ကြည့်တဲ့အခါမှာ ရိက္ခာတွေမကျန်သလောက် နည်းပါးလာပြီဖြစ်တာကြောင့် လာမယ့်လအတွင်း အနုတ်ပြတော့မယ့်အခြေအနေဖြစ်လာခဲ့ရပါပြီဗျ။ တပ်ရင်းမှာရဲဘော်ရာနဲ့ချီရှိပြီး နယ်မြေဒေသတချို့မှာ တာဝန်ထမ်းဆောင်နေသော တပ်ခွဲများလည်းရှိပါသေးတယ်”ဟု ဆိုထားသည်။ 

ထို့ကြောင့် အမှတ် (၁၀၀၈) တပ်ရင်း (SSRY) အတွက် ရိက္ခာကို သုံးလစာ မျှော်မှန်းပြီး ဖြည့်တင်းနိုင်ရေးအတွက် အရေးပေါ်လိုအပ်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။ 

ရိက္ခာအတွက် ဆန်တစ်အိတ်လျှင် ၅၀,၀၀၀ ကျပ်၊ အာလူးတစ်အိတ်လျှင် ၂၅,၀၀၀ ကျပ်၊ ပဲတစ်အိတ်လျှင် ၂၅,၀၀၀ ကျပ်၊ ခေါက်ဆွဲခြောက်တစ်ဖာလျှင် ၁၅,၀၀၀ ကျပ်နှင့် ဆီဘူးအသေးတစ်ဘူးလျှင် ၁၅,၀၀၀ ကျပ်ဖြင့် ပါဝင်အားဖြည့်နိုင်ကြောင်း သိရသည်။ 

ယခုနှစ်ဦးမှစတင်ကာ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နှင့် ဖယ်ခုံမြို့တို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ထိုးစစ်ဆင်တိုက်ခိုက်မှု ပြုလုပ်နေခြင်းဖြစ်ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှုအပါအဝင် စစ်ကောင်စီတပ်ကြောင့် ပြည်သူအနည်းဆုံး ၃၃ ဦးသေဆုံးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဏိုင် (SHRF)က မတ်လ ၂၃ ရက်နေ့က ထုတ်ပြန်ထားသည်။ 

စာတည်း- သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required