အပစ်ရပ်အဖွဲ့များနှင့် တွေ့ဆုံမှုများလုပ်ဆောင်နေကာ ငြိမ်းချမ်းရေးညီလာခံလုပ်ဖို့ စစ်ကောင်စီ ပြင်ဆင်နေ

အပစ်ရပ်အဖွဲ့များနှင့် တွေ့ဆုံမှုများလုပ်ဆောင်နေကာ ငြိမ်းချမ်းရေးညီလာခံလုပ်ဖို့ စစ်ကောင်စီ ပြင်ဆင်နေ

NCA လက်မှတ်ရေးထိုးထားသော EAO (၇)ဖွဲ့နှင့် စစ်ကောင်စီရဲ့  အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းကော်မတီ(NSPNC)တို့က နေပြည်တော်မှာ မတ်လ ၂၈ ရက်နဲ့ ၂၉ ရက်တို့မှာ အလွတ်သဘောတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ လက်နက်ကိုင်ခုခံမှုတွေ နိုင်ငံတစ်ဝန်း မြင့်တက်လာချိန်မှာပဲ စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်က ငြိမ်းချမ်းရေး ညီလာခံတစ်ရပ် ကျင်းပဖို့ ဆန္ဒရှိနေကြောင်း ငြိမ်းချမ်းရေး ဆွေးနွေးဖို့ တာဝန်ပေးထားတဲ့ စစ်ဗိုလ်ချုပ်တွေကတစ်ဆင့် ဆွေးနွေးဖက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို အသိပေးလာပါတယ်။

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနဲ့ ဝပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ မိုင်းလားအဖွဲ့လို့ လူသိများတဲ့ အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (NDAA) တို့ မတ်လ၂၂ နဲ့ ၂၃ ရက် နေ့တွေက နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တာပါ။

အဲဒီဆွေးနွေးပွဲအတွင်း စစ်ကောင်စီက ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးနဲ့ပတ်သက်လို့ မြောက်ပိုင်းအဖွဲ့တွေထံ သဘောထားတောင်းခံခဲ့ပေမယ့် UWSP ၊ SSPP နဲ့ NDAA တို့က သဘောထားမပေးခဲ့ကြဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီက ငြိမ်းချမ်းရေးညီလာခံကို ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေနဲ့အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့၊ NCA မထိုးရသေးတဲ့ UWSP၊ SSPP ၊ NDAA စတဲ့ တိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့နဲ့ ပူးပေါင်းကျင်းပဖို့ စီစဉ်နေတာပါ။

နောက်ပိုင်းကာလတွေမှာ လည်း EAO (၇)ဖွဲ့နဲ့ NSPNC တို့အကြား တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်သွားဖို့ရှိနေတယ်လို့ သိရပါတယ်။

ငြိမ်းချမ်းရေးညီလာခံလုပ်ဖို့ ပြင်ဆင်နေပေမယ့် တစ်ဖက်မှာတော့ NUG၊ PDF တွေနဲ့ပူးပေါင်းပြီး စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ နယ်မြေတွေကို စစ်တပ်က အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်က NUG၊ PDF တွေနဲ့ သူတို့ကို ပံ့ပိုးကူညီနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်မယ်လို့ မတ်လ ၂၇ ရက် တပ်မတော်နေ့ မိန့်ခွန်းမှာ ပြောဆိုခဲ့ပါတယ်။

အဲဒီလိုပြောဆိုပြီး နောက်တစ်ရက်မှာပဲ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

NCA လက်မှတ်ထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ NCA မထိုးရသေးတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ တအာင်းအမျိုးသား လွှတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာ အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့ဟာ NUG၊ PDF တို့နဲ့ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly