ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထိန်းသိမ်းခံရသူတွေ ပြန်လွှတ်ပေးရန်နှင့် ဒီမိုကရေစီစနစ်ဆီ ပြန်သွားရန် ကုလသမဂ္ဂပြော

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထိန်းသိမ်းခံရသူတွေ ပြန်လွှတ်ပေးရန်နှင့် ဒီမိုကရေစီစနစ်ဆီ ပြန်သွားရန် ကုလသမဂ္ဂပြော

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီကို အာဏာသိမ်းစစ်ကောင်စီက ဖျက်သိမ်းလိုက်တဲ့ အပေါ် စိုးရိမ်တဲ့အကြောင်း ကုလသမဂ္ဂက ပြောကြားလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အပါအဝင် နိုင်ငံရေးပါတီပေါင်း ၄၀  ကို စစ်ကောင်စီက ဖျက်သိမ်းလိုက်တဲ့အပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ စတီဖင် ဒူဂျာရစ်က  တုံ့ပြန်လိုက်တာဖြစ်ပြီး ဒါဟာ ကျနော်တို့ မသွားစေချင်တဲ့ဘက်ကို ဦးတည်သွားနေတဲ့  နောက်ထပ်ခြေလှမ်းဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

 “NLD ကို ဖျက်သိမ်းလိုက်တာဟာ ကျွန်တော်တို့မဖြစ်စေချင်တဲ့ လမ်းကြောင်းမှာ နောက်ထပ် ခြေလှမ်း တစ်ရပ်ဖြစ်ပါတယ်” လို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖင် ဒူဂျာရစ်က ပြောပါ တယ်။

“မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လျှောက်လှမ်းတာကို ကျွန်တော်တို့ မြင်တွေ့လိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိန်းသိမ်းခံနေရဆဲ အခြားသူတွေကို လွှတ်ပေးတာ ကျွန်တော်တို့ မြင်တွေ့ချင်ပါတယ်။ ဒီလိုဖြစ်လာဖို့ ကျွန်တော်တို့ ဆက်လက်ကြိုးပမ်းမှာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

မြန်မာစစ်တပ်က ရွေးကောက်ပွဲဆိုင်ရာ ဥပဒေသစ်အရ နိုင်ငံရေးပါတီတွေ ပြန်လည်မှတ်ပုံတင်ဖို့ ဇန်န ဝါရီလအတွင်း နောက်ဆုံးအချိန် သတ်မှတ်ခဲ့ပြီး ပြန်လည်မှတ်ပုံမတင်တဲ့ NLD အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကျော်ကို ဖျက်သိမ်းခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအတွင်းပြုလုပ်တဲ့ အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီက အမတ်နေရာအ များစု အနိုင်ရရှိခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှာ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ဉီးဆောင်တဲ့ ရွေးကောက်ခံအစိုး ရကိုဖြုတ်ချကာ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံဟာ ကစဉ့်ကလျားအခြေအနေ ဖြစ်နေခဲ့တာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကိုရော၊ စစ်ကောင်စီဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင်ကိုပါ အသိအမှတ်မပြု တရားမဝင်ဘူးဆိုပြီး  ပါတီကိုပြန်ပြီး မှတ်ပုံတင်မှာမဟုတ်ဘူးလို့ ကြေညာထားပါတယ်။

မှတ်ပုံတင်ပြန်လျှောက်ထားကြတဲ့ နိုင်ငံရေးပါတီပေါင်း  ၆၃ ပါတီရှိတယ်လို့  စစ်ကောင်စီ ကော်မရှင်က ထုတ်ပြန်ကြေညာထားပြီး ဒီအထဲမှာ တနိုင်ငံလုံးစည်းရုံးလှုပ်ရှားမှုပါတီ ၁၃ ပါတီနဲ့  ပြည်နယ်နဲ့တိုင်းတွေမှာပဲ စည်းရုံးလှုပ်ရှားမယ့်ပါတီ ပေါင်း ၅၀ ရှိပါတယ်။

စစ်ကောင်စီက ယခု ၂၀၂၃ခုနှစ်အတွင်း ရွေးကောက်ပွဲတစ်ရပ် ကျင်းပနိုင်ရန် စီစဉ်မှုများရှိသော်လည်း နိုင်ငံတဝန်း ပဋိပက္ခတွေကြောင့် ကျင်းပနိုင်မယ့်ရက်ကို အတိအကျ ကြေညာနိုင်ခြင်းမရှိသေးတာလည်းဖြစ်ပါတယ်။

တရားဝင်ဖွဲ့စည်းထားတဲ့နိုင်ငံရေးပါတီတွေကို တရားမဝင် အာဏာသိမ်း စစ်ကောင်စီရဲ့ လက်ဝေခံ ရွေးကောက်ပွဲကော်မရှင်အနေနဲ့  ဖျက်သိမ်းခွင့် ၊ အတည်ပြုခွင့် လုံးဝမရှိကြောင်းနဲ့ ပြည်သူရှိနေသရွေ့ ပါတီရှိနေမယ်လို့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မတ်လ ၂၉ ရက်မှာ ကြေညာပါတယ်။

ပြည်သူ့ဆန္ဒနဲ့အညီ ရွေးကောက်ခံကိုယ်စားလှယ်အများစု ပါဝင်တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH ကနေ စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံရွေးကောက်ပွဲ ကော်မရှင်ကို တရားမဝင်ကြောင်း ကြေညာထားပြီး ဖြစ်တဲ့အတွက် နိုင်ငံရေးပါတီတွေကို ဖျက်သိမ်းကြောင်း ကြေညာချက်ဟာ တရားမဝင်တဲ့အကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကဆိုထားပါတယ်။

မြန်မာ စစ်တပ်ဟာ အခုလို NLD ပါတီကို ဖျက်သိမ်းလိုက်တာဟာ လွန်ခဲ့တဲ့ နှစ်နှစ် အာဏာသိမ်းလိုက်ကတည်းက မကြုံစဖူး ခုခံတော်လှန်မှုတွေ ကြုံနေရတဲ့အတွက် ဘယ်လောက်တောင် တုန်လှုပ်ပြီးကြံရာမရ ဖြစ်နေလဲဆိုတာ ပြသနေတယ်လို့ ယူကေနိုင်ငံ အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ Burma Campaign UK က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly