ဘီးလင်းမြို့ တောင်ကလေးတွင် လက်နက်ကြီးကြောင့် ဒေသခံ ၃ ဦးဒဏ်ရာရ

ဘီးလင်းမြို့ တောင်ကလေးတွင် လက်နက်ကြီးကြောင့် ဒေသခံ ၃ ဦးဒဏ်ရာရ

မဇ္ဈိမ။         ။ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အနိုင်းပွန်ကျေးရွာအုပ်စု၊၉ တောင်ကလေးကျေးရွာအတွင်းရှိ နေအိမ်တစ်လုံးအပေါ် စစ်ကောင်စီတပ်မှ ပစ်ခတ်သော လက်နက်ကြီးကျည်ကျရောက်၍ အသက် ၈၀ အရွယ်အဖွားအိုတစ်ဦး၊ ကလေးတစ်ဦးနှင့် ဒေသခံအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ယမန်နေ့ မတ်လ ၂၉ ရက်နေ့၊ နေ့လယ် ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် တပ်မ (၄၄) လက်အောက်ခံ၊ ရွှေရောင်ပြကျေးရွာအုပ်စု၊ ဇီးဝန်းကျေးရွာအခြေစိုက် အမတ(၃၁၄) မှ ပစ်ခတ်ခဲ့သော ၆၀ မမ အမျိုးအစား လက်နက်ကြီးကျည်သည် အနိုင်းပွန်ကျေးရွာအုပ်စု၊ တောင်ကလေးကျေးရွာအတွင်းရှိ ဒေါ်သောင်းအိမ်အတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

ထိုပေါက်ကွဲမှုကြောင့် အသက် ၈၀ အရွယ်ရှိ ဒေါ်သောင်းမှာ ပေါင်တွင် ဒဏ်ရာရခဲ့ပြီး၊ အသက် ၄၈ နှစ်အရွယ်ရှိ နောပျိုမှာ မျက်နှာတွင် ဒဏ်ရာရခဲ့ကာ အသက် ၁၄ နှစ်အရွယ်ရှိ စောဇာနည်ဇော်မှာ ခြေထောက်တွင် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ နေအိမ်ခေါင်မိုး ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။

" ဒီဘက်က တိုက်ပွဲဖြစ်ထားတာ မရှိဘူး၊ တိုက်ပွဲမရှိဘဲ အကြောင်းမဲ့ ပစ်တာ။ တောင်‌ကလေးကျေးရွာထဲ လက်နက်ကြီး ၆၀မမနှစ်လုံးပစ်ထည့်တာ၊ ကလေးတစ်ယောက်၊ အဒေါ်ကြီး တစ်ယောက်၊ အဖွားတစ်ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ အရင်က ဒီရွာထဲ တစ်ခါမှမပစ်ထည့်ဖူးဘူး" ဟု ဘီးလင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကိုပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၈ ရက်နေ့ကလည်း ဇီးဝန်းအခြေစိုက် အမတ(၃၁၄) မှ ပစ်ခတ်သော လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ရွှေရောင်ပြကျေးရွာအုပ်စု၊ အဝန်းကြီးကျေးရွာအပြင်ဘက်ရှိ အင်းတွင် ငါးပက်နေသော အသက်ခြောက်နှစ်အရွယ်ရှိ စောဖိုးသင်္ကြန်၏ ဦးခေါင်းအား ထိမှန်ခဲ့ကာ ဦးနှောက်ပွင့်ဒဏ်ရာနှင့် နေရာ၌ပင် သေဆုံးခဲ့ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required