ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာသဖြင့် ဒေသခံ ၁၀,၀၀၀ ခန့် စစ်ရှောင် နေရ

By လွှမ်းမိုး
30 March 2023
ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာသဖြင့် ဒေသခံ ၁၀,၀၀၀ ခန့် စစ်ရှောင် နေရ

မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် အရှေ့မြောက်ခြမ်းတွင် မတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာခြင်းကြောင့် ဒေသခံ ၁၀,၀၀၀ ခန့် နေရပ်စွန့်ခွာစစ်ရှောင် နေရကြောင်း သိရသည်။

“စစ်တပ်က လူကြီး၊ လူငယ်မရွေး သတ်ဖြတ်တာနေတော့ စစ်ကြောင်းလာပြီဆို ကြောက်လန့်နေရတာ။ လှည်းရှိတဲ့သူက လှည်းနဲ့၊ တချို့ကတော့ ခြေလျင်နိုင်သလောက် သယ်ပြီးပြေးကြရတာပေါ့။ ရက်ကြာ လာတော့ စားဝတ်နေရေးအခက်အခဲတော့ရှိတယ်”ဟု လုံခြုံရေးအရအမည်မဖော်လိုသည့် ဒေသခံတစ်ဦး က ဆိုသည်။

ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က အင်အား ၁၅၀ ကျော်ဖြင့် စစ်ကြောင်းထိုးနေခြင်းကြောင့် သဲတောကြီး၊ ဝဲကြီး၊ ဝဲကွဲ၊ ဖောင်းကတာ၊ ဘင်ဂါး၊ မဲဇလီကုန်း၊ လက်ပံတောင်းစသည့်ကျေးရွာ ၁၀ ရွာမှ လူဦးရေ ၁၀,၀၀၀ ကျော် စစ်ရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် လက်ပံတောင်းကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ်ခဲ့ကြောင်း အခြားဒေသခံတစ်ဦးထံမှ သိရသည်။

စစ်ကောင်စီတပ်က မတ်လအတွင်း ဆားလင်းကြီးမြို့နယ်ကို သုံးကြိမ်တိုင် အင်အားသုံးစစ်ကြောင်းထိုးပြီး နေအိမ်များကို အကြမ်းဖက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required