စကြဝတေးမင်းကြီးသပိတ်ကော်မတီမှ ဦးဆောင်ပြီး (၃၅)ကြိမ်မြောက် ဆန္ဒထုတ်ဖော်

By မင်းထက်
29 March 2023
စကြဝတေးမင်းကြီးသပိတ်ကော်မတီမှ ဦးဆောင်ပြီး (၃၅)ကြိမ်မြောက် ဆန္ဒထုတ်ဖော်

မဇ္စျိမ။ ။ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်တွင် ယနေ့ မတ်လ ၂၉ ရက် မွန်းလွဲပိုင်းက စကြဝတေးမင်းကြီး သပိတ်ကော်မတီမှ ဦးဆောင်ပြီး (၃၅)ကြိမ်မြောက် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့သည် ဟုသိရသည်။

စကြဝတေးမင်းကြီး သပိတ်ကော်မတီဝင်များက “NLD ကိုကြောက်လို့ပဲ ဖျက်ဖျက်၊ ညစ်ပဲဖျက်ဖျက် သူ့ အလုပ်သူလုပ် ကိုယ့်အလုပ်ကိုယ်လုပ် ပြည်သူ့တော်လှန်စစ်ကိုမြှင့်တင်စို့” စာတန်းကိုင်ဆောင်ပြီး ကြံခင်း မြို့ပေါ်တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးက ပြောသည်။

“စစ်ကောင်စီကတော့ သူ့အလုပ် သူလုပ်မှာပဲ၊ အရင်ကလို ယုတ်မာမှာပဲ၊ ကောက်ကျစ်မှာပဲ၊ ဒါတွေကို လိုက်ပြီးခံစားနေရင် တော်လှန်ရေး နှောင့်နှေးသွားမှာပဲရှိတယ်။ ဒါကြောင့် စစ်တပ်ရဲ့ထုတ်ပြန်ချက်တွေ ကိုဂရုမစိုက်ဘဲ တော်လှန်စစ်ကို အရှိန်မြှင့်ရမယ်ဆိုတာကို ပြည်သူတွေကိုယ်စား ဆန္ဒထုတ်ဖော်တာပါ” ဟု ဆိုသည်။

စကြဝတေးမင်းကြီးသပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှစတင်ကာ စစ်အာဏာရှင်ဆန့်ကျင် ရေး သပိတ်များပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ်ဖော်မှုသည် (၃၅)ကြိမ်မြောက် ဆန္ဒထုတ် ဖော်မှုဖြစ်သည်ဟု သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအပါအဝင် နိုင်ငံရေးပါတီပေါင်း ၄၀ ကိုဖျက်သိမ်းကြောင်း စစ်ကောင်စီ လက်ပါးစေ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က မတ်လ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required