တောင်ငူလေတပ်စခန်းဌာနချုပ်ကို KNLAနှင့်PDF ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ရဟတ်ယာဉ် ၁ စီး ပျက်စီးဟု ပဲခူးတိုင်းစစ်ဒေသခွဲ ထုတ်ပြန် 

By ရွှေနွယ် မဇ္ဈိမ
29 March 2023
တောင်ငူလေတပ်စခန်းဌာနချုပ်ကို KNLAနှင့်PDF ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ရဟတ်ယာဉ် ၁ စီး ပျက်စီးဟု ပဲခူးတိုင်းစစ်ဒေသခွဲ ထုတ်ပြန် 

စစ်ကောင်စီတပ်၏ တောင်ငူလေတပ်စခန်းဌာနချုပ်အား  KNLAနှင့်PDF ပူးပေါင်းပြီး Rain of Fire စစ်ဆင်ရေးအဖြစ်  ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး သေဆုံးပြီး ရဟတ်ယာဉ်တစီး ထိခိုက်ပျက်စီးမှုရှိကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲက ထုတ်ပြန်သည်။ 

တောင်ငူလေတပ်စခန်းဌာနချုပ်ကို KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က မတ်လ၂၅ရက်နေ့တွင် ရှော့တိုက်ဒုံးလေးလုံး၊ မတ်လ၂၇ရက်‌နေ့ (ဖက်ဆစ်တော်လှန်ရေးနေ့)တွင် ရှော့တိုက်ဒုံးလေးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဟု ယနေ့မတ်လ၂၉ရက်တွင် ထုတ်ပြန်ခြင်းဖြစ်သည်။ 

မတ်လ၂၅ရက်နေ့ တိုက်ခိုက်မှုတွင် ရှော့တိုက်ဒုံးနှစ်လုံးမှာ ဝန်ထမ်းလိုင်းခန်း မြောက်ဘက်တောစပ်နှင့် လေယာဉ်ပြေးလမ်း အနောက်မြောက်ထောင့်မှ ဖြူးကန်ဘေးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး  ထိခိုက်ပျက်စီးမှု အသေးစိတ်ကိုအတည်ပြုဆဲဖြစ်ကြောင်း၊  မတ်လ၂၇ရက်နေ့ တိုက်ခိုက်မှုတွင် လေတပ်စခန်းအတွင်း ဗုံးဂိုထောင်အနီး၊ ဆီလှောင်ကန်အနီးနှင့် လေယာဉ်ဂို‌ထောင်အနီးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး လေတပ်စခန်းအတွင်းမှ မီးခိုးများ အူထွက်လာခဲ့ကြောင်းဟု ပဲခူးတိုင်းစစ်ဒေသခွဲ - Bago Region PDF က ထုတ်ပြန်ထားသည်။ 

" တောင်ငူလေတပ်စခန်းက ပဲခူးတိုင်းထဲလည်းပါပါတယ်။  KNU တပ်မဟာ(၂)နဲ့လည်း ထိစပ်နေတယ်။ ဒါကြောင့် စစ်ဆင်ရေးကို ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာပါ"ဟု KNLAနှင့်ပူးပေါင်း တိုက်ခိုက်ခဲ့သည့်အပေါ် ပဲခူးတိုင်းစစ်ဒေသခွဲမှ တာဝန်ရှိသူတဦးက မဇ္ဈိမသို့ပြောသည်။ 

ဒေသတွင်းစစ်ဆင်ရေးများကို ERO များနှင့် PDF များပူးပေါင်းဆောင်ရွက်နေကြောင်း ၎င်းက ရှင်းပြသည်။ 

ဒေသခံပြည်သူများနှင့် တပ်တွင်းနီးစပ်သည့် သတင်းရင်းမြစ်များ၏ ခိုင်ခိုင်မာမာပြောဆိုမှုများအရ မတ်လ၂၇ရက်နေ့ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး ရဟတ်ယာဉ်တစီး ထိခိုက်ပျက်စီးမှုရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

လေတပ်စခန်း တိုက်ခိုက်ခံရမှုအပြီး၌ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များက ကား၊ ဆိုင်ကယ်များဖြင့် ဒိုးအင်းကျေးရွာအတွင်းသို့ ဝင်ရောက်၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။ ထို့အပြင် စစ်ကောင်စီတပ်သည် လေတပ်စခန်းအတွင်း၌ ကတုတ်ကျင်းများ၊ ဗုံးခိုကျင်းများတူးကာ နေထိုင်လျက်ရှိသည်ဟု သိရကြောင်း Bago Region PDF က ထုတ်ပြန်ထားသည်။ 

တောင်ငူလေတပ်စခန်းဌာနချုပ်သည် ၂၀၂၂ မေလ ၁၅ရက်နေ့ကလည်း ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံခဲ့ရသေးသည်။ 

စစ်ကောင်စီ၏လေတပ်တွင် လေတပ်စခန်းဌာနချုပ် ၁၈ ခုရှိပြီး တောင်ငူလေတပ်စခန်းဌာနချုပ်သည် ထိုထဲတွင် တခုအပါအဝင်ဖြစ်သည်။ 

စာတည်း - မောင်ကြီး 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required