နယ်စပ်ဖြတ်ကျော် မီးခိုးမြူ ညစ်ညမ်းမှုကို အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းထိန်းချုပ်ရန် ထိုင်း ကြိုးပမ်း

နယ်စပ်ဖြတ်ကျော် မီးခိုးမြူ ညစ်ညမ်းမှုကို အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းထိန်းချုပ်ရန် ထိုင်း ကြိုးပမ်း

အရှေ့တောင်အာရှဒေသကို အသက်ရှုကျပ်စေသည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူ ညစ်ညမ်းမှုကို ထိန်းချုပ်ရန် မြန်မာအပါအဝင် ဒေသတွင်းအိမ်နီးချင်းနိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားရန် ထိုင်းအစိုးရက ကြိုးပမ်းလျက် ရှိသည်။

“ဖြေရှင်းချက်နည်းလမ်းတစ်ခု ရှာဖို့ဆိုရင် ဒီကိစ္စကို အာဆီယံရဲ့ အစည်းအဝေး အစီအစဉ်မှာ ထည့်သွင်းတင်ပြရပါလိမ့်မယ်” ဟု ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက မတ်လ ၂၈ ရက် အစိုးရအဖွဲ့ အစည်းအဝေးတစ်ခုအပြီးတွင် ပြောသည်။

ယခု နယ်စပ်ဖြတ်ကျော် မီးခိုးမြူ ညစ်ညမ်းမှုကိစ္စ ထိန်းချုပ်ကိုင်တွယ်ရေးအတွက် ထောက်ခံမှု တောင်းခံရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမွတ်ဝီနိုင်းက အဖွဲ့ဝင်နိုင်ငံများထံ စာရေးသားပေးပို့ထားကြောင်း ဗိုလ်ချုပ်ကြီး ပရာယွတ်က ပြောသည်။

“စာကို ကျွန်တော် ကိုယ်တိုင် လက်မှတ်ထိုးထားတယ်။ အထူးသဖြင့်တော့ ခုတ်ထွင်၊ မီးရှို့တဲ့ စိုက်ပျိုးမှုအပေါ် ကိုင်တွယ်ဖို့အတွက် သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်ဖို့ကို ကျွန်တော်တို့ တောင်းခံချင်ပါတယ်။ တစ်ချိန်တည်းမှာလည်းပဲ ထိုင်း တောင်သူတွေအနေနဲ့လည်း (အဲဒီလို တောတွေ ခုတ်ထွင်၊ မီးရှို့တဲ့ လုပ်ရပ်တွေ ရှောင်ကြဉ်ရင်း) ပူးပေါင်းဆောင်ရွက်ရပါလိမ့်မယ်။” ဟု ထိုင်းဝန်ကြီးချုပ်က ပြောသည်။ မီးခိုးမြူ ညစ်ညမ်းမှုကို ကိုင်တွယ်ရာတွင် ကြိုးပမ်းအားထုတ်မှုများကို တိုးမြှင့်လုပ်ဆောင်ရေး သက်ဆိုင်ရာ အေဂျင်စီများကို ပြောထားကြောင်း ၎င်းက ပြောသည်။

တစ်ချိန်တည်းမှာပင် နယ်စပ်ဖြတ်ကျော် မီးခိုးမြူ ညစ်ညမ်းမှုကို လျော့ကျစေရေးအတွက် ဝန်ကြီးဌာနအနေဖြင့် ပြီးခဲ့သည့် နှစ်များအတွင်း မြန်မာ၊ လာအိုနိုင်ငံတို့နှင့် ပုံမှန် ဆက်သွယ်ဆောင်ရွက်ခဲ့ကြောင်း ထိုင်းဒုဝန်ကြီးချုပ်တစ်ဦးလည်းဖြစ်သည့် မစ္စတာ ဒွန်က ပြောသည်။

၎င်းသည် ယမန်နေ့က အဆိုပါ နိုင်ငံနှစ်နိုင်ငံမှ သံအမတ်များနှင့် တွေ့ဆုံပြီး ယခုကိစ္စနှင့်ပတ်သက်၍ အတူတကွ လုပ်ဆောင်ရန် အရေးတကြီး လိုအပ်သည်ဟု တိုက်တွန်းခဲ့ကြောင်း မစ္စတာ ဒွန်က ပြောသည်။ ယခုကိစ္စကို ဆွေးနွေးရန် လာအိုနှင့် မြန်မာရှိ ထိုင်းသံအမတ်များသည်လည်း သက်ဆိုင်ရာ အာဏာပိုင်များနှင့် တွေ့ဆုံထားသည်။

“ခုချိန်ကစပြီး အိမ်နီးချင်းနိုင်ငံ နှစ်နိုင်ငံရဲ့ နေ့စဉ် တိုးတက်မှုနဲ့ပတ်သက်လို့ ကျွန်တော်တို့ စုံစမ်းကြည့်ရှုသွားရပါလိမ့်မယ်။ သူတို့ကို ကျွန်တော်တို့ ဖိအားပေးနေတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ထိုင်း အပြင် အဲဒီနိုင်ငံတွေက ပြည်သူတွေရဲ့ ကျန်းမာရေးအပေါ် ထိခိုက်စေတဲ့ ဒီ မီးခိုးမြူ ညစ်ညမ်းမှုပြဿနာကို အရေးတကြီး ကိုင်တွယ်တိုက်ဖျက်ဖို့ လိုတယ်ဆိုတာကို ကျွန်တော်တို့ အလေးပေး ပြောချင်တာပဲဖြစ်တယ်” ဟု မစ္စတာ ဒွန်က ပြောသည်။

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required