မော်လမြိုင်ကျွန်းမြို့မှ ဒေသခံ ၅၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ရိုက်နှက်စစ်ဆေးနေ

By မင်းထက် (မဇ္စျိမ)
29 March 2023
မော်လမြိုင်ကျွန်းမြို့မှ ဒေသခံ ၅၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ရိုက်နှက်စစ်ဆေးနေ

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့တွင် စစ်ကောင်စီတပ်များနှင့် ရဲများက ဒေသခံ ၅၀ ကျော်ကို အကြောင်းမဲ့ဖမ်းဆီးကာ နှိပ်စက်ညှဥ်းဆဲမှုများပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
မော်လမြိုင်ကျွန်းအခြေစိုက် ခမရ(၅၃၄) မှ ဒုတပ်ရင်းမှူးနှင့် မြို့နယ်စခန်းမှူးမင်းမင်းဆိုသူတို့ဦးဆောင် ကာ ဒေသခံများအား ဖမ်းဆီးနေခြင်းဖြစ်သည်ဟုဆိုသည်။

“မတ်လလယ် လောက်ကတည်းက လိုက်ဖမ်းနေတာ ၂၇ ရက်နေ့အထိ အယောက် ၂၀ ကျော်ဖမ်းပြီးပြီး။ မနေ့ညကလည်း အယောက် ၃၀ လောက် ထပ်ဖမ်းသွားတယ်။ ဘာကြောင့်ဖမ်းတယ်ဆိုတာလဲ မပြော ဘူး။ ဖမ်းသွားပြီး စစ်တပ်ထဲမှာ ရိုက်နှက်စစ်နေတယ်လို့သိရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူများမှာ မော်လမြိုင်ကျွန်းမြို့ပေါ်နှင့် ကျေးရွာများတွင်နေထိုင်သည့် လက်ဖက်ရည်ဆိုင်ပိုင် ရှင်များ၊ ကျူရှင်ဆရာများ၊ ပရဟိတလုပ်ငန်းလုပ်ဆောင်နေသူများ၊ လယ်သမားများနှင့် ကွမ်းယာရောင်း သူများဖြစ်ပြီး တော်လှန်ရေးနှင့်ပတ်သတ်မှုမရှိသည့် သာမာန်ပြည်သူများဖြစ်သည်ဟု ဆိုသည်။

ထို့ပြင် ဖမ်းဆီးခံရသူများ၏မိသားစုများအား စစ်ကောင်စီတပ်များနှင့်ရဲများက ခေါ်ယူတွေ့ဆုံကာ ငွေ ကြေး မတရားတောင်းယူမှုများပြုလုပ်နေကြောင်း ဒေသခံကဆက်လက်ပြောကြားသည်။

“ဒလန်တွေပစ်သတ်ခံရရင် လုပ်တဲ့အဖွဲ့တွေက စာထုတ်တယ်။ အဲဒါကို  ဒေသခံတွေကို အကြောင်းအမျိုး မျိုးပြဖမ်းပြီး သိန်း ၅၀၊ သိန်း ၁၀၀ တောင်းပြီးမှ ပြန်လွတ်တယ်။ မော်လမြိုင်ကျွန်းစစ်တပ်နဲ့ ရဲတွေက ဒလန်သေရင် ပြည်သူကိုဖမ်းပြီး ငွေညှစ်ရမယ်ဆိုပြီး ပျော်နေကြတာ”ဟု ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က မော်လမြိုင်ကျွန်းမြို့၊ မဘသဥက္ကဋ္ဌ ဦးကျော်တင့်ဦးဆိုသူ သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရပြီးနောက် မြို့ပေါ်နေ ငွေကြေးပြည့်စုံသူ ၁၄ ဦးကို စစ်ကောင်စီတပ်များနှင့် ရဲများကဖမ်းဆီးကာ ငွေကြေးတောင်းယူမှုများပြုလုပ်ခဲ့သည်။

လက်ရှိတွင် မတ်လလယ်ခန့်မှစတင်ကာ ဖမ်းဆီးခံထားရသည့် ဒေသခံပြည်သူများအား စစ်ကောင်စီတပ် များနှင့်ရဲများက မော်လမြိုင်ကျွန်းမြို့ ရဲစခန်းအချုပ်နှင့် ခမရ(၅၃၄)တပ်တို့တွင် ဆက်လက်ဖမ်းဆီးထား သည်ဟု ဒေသခံများက ပြောသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required