ကလိန်အောင်မြို့သို့ စစ်ကူလာသည့် စစ်ကောင်စီယာဉ်တန်းကို ကာကွယ်ရေးမဟာမိတ် ၂ဖွဲ့တိုက်ခိုက် 

By ကိုရွှေမြိတ်(မဇ္ဈိမ)
29 March 2023
ကလိန်အောင်မြို့သို့ စစ်ကူလာသည့် စစ်ကောင်စီယာဉ်တန်းကို ကာကွယ်ရေးမဟာမိတ် ၂ဖွဲ့တိုက်ခိုက် 

တနင်္သာရီတိုင်း၊ထား၀ယ်ခရိုင်၊ရေဖြူမြို့နယ်၊ကလိန်အောင်မြို့သို့ စစ်ကူလာသည့် စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားငါးဦးဒဏ်ရာရရှိပြီး ယင်းထက်လည်း များနိုင်ကြောင်း Spring Dhmma PDF KLA- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သတင်းရရှိသည်။ 

စစ်ကူလာသော စစ်ကောင်စီယာဉ်တန်းကို ယမန်နေ့ မတ်လ ၂၈ ရက်နေ့ နံနက် ၉ နာရီခွဲခန့်တွင် ကလိန်အောင်မြို့၊ကျောက်ရှပ်ရွာ၊မိုင်တိုင်အမှတ် (၄၁)အနီးမှစောင့်၍ Spring Dhmma PDF KLA- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ရွှေဘီလုံးပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ SBL တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဟုသိရသည်။ 

ထိုတိုက်ခိုက်မှုကြောင့်  စစ်ကောင်စီတပ်သားငါးဦး ဒဏ်ရာရရှိပြီး ယင်းထက်လည်း များနိုင်ကြောင်း Spring Dhmma PDF KLAမှ ဆက်သွယ်ရေးနှင့် ပြန်ကြားရေးတာဝန်ခံ ကိုလင်းယုန်က မဇ္ဈိမကိုပြောသည်။ ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့က ပြန်လည်ပစ်ခတ်မှုကြောင့် အသက် ၆ နှစ် အရွယ်ဒေသခံ ကလေးငယ်တဦး သေနတ်ကျည်ထိမှန်ဒဏ်ရာရခဲ့ကြောင်း ကိုလင်းယုန်ကပြောသည်။ 

ကိုလင်းယုန်က " ပစ်ခတ်ခံရတဲ့ စစ်ကားတွေက ရွာထဲ ဖြတ်မောင်းချိန် ကလိန်အောင်မြို့ ကျောက်ရှပ်ရွာအနီးမှာ သေနတ်နဲ့ ရမ်းသမ်းပစ်သွားလို့ ကလေးငယ်တဦး ကျည်ထိမှန်ခဲ့တယ်။ကလေးကတော့ အခုတော့ ကလိန်အောင် ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့တော့ သတင်းကြားတယ်"ဟု ဆိုသည်။ 

မတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းကလည်း ကလိန်အောင်-ကံပေါက်လမ်းပိုင်းတွင် စစ်ကောင်စီ ယာဉ်တန်း မိုင်းဆွဲခံရမှုကြောင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး ငါးဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများကပြောသည်။ 

ကလိန်အောင်မြို့နယ်အတွင်း မတ်လ ၂၇ရက်နှင့် မတ်လ၂၈ ရက်က ဖြစ်ပွားသော တိုက်ခိုက်မှုများနှင့်ပတ်သက်၍ စစ်ကောင်စီဘက်ကထိခိုက်မှုကို သီးခြားအတည်ပြုချက်မရရှိသေးပေ။ 

စာတည်း - မောင်ကြီး 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly