ပြည်တွင်းရွေးကောက်ပွဲ လေ့လာစောင့်ကြည့် သူများတစ်ဦးချင်းစီလိုက် ၀န်ခံကတိပြုရမည်

ပြည်တွင်းရွေးကောက်ပွဲ လေ့လာစောင့်ကြည့် သူများတစ်ဦးချင်းစီလိုက် ၀န်ခံကတိပြုရမည်
မေလ ၂၂ ရက်က ရန်ကုန်မြို့ မင်္ဂလာဒဲံုမြို့နယ်တွင် ဖန်တီးအိမ် လူမှုအဖွဲ့အစည်းများ ရွာသူရွာသားများအား ရွေးကောက်ပွဲမဲပေးစနစ် သင်တန်းပေးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ -ဟောင်ဆာ(ရာမည)

ရန်ကုန် ၃၀ ။       ။ ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်မည့် ပြည်တွင်း အဖွဲ့အစည်းများမှ စောင့်ကြည့် မည့်သူတိုင်းက၊ တစ်ဦးချင်းစီလိုက် ဝန်ခံကတိပြုရမည့် ပြည်တွင်းရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်ရေး လုပ်ငန်းစဉ်များ ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လိုက်သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဇွန်လ ၂၆ရက်တွင် ထုတ်ပြန်လိုက်သည့် ပြည်တွင်းရွေးကောက်ပွဲ လေ့လာ စောင့် ကြည့်ရေး လုပ်ငန်းစဉ်များမှ အပိုဒ် ၂၃တွင် သက်သေခံ ကဒ်ပြား ထုတ်ယူရာတွင် အဖွဲ့ဝင် တစ်ဦးချင်းစီ၏ ဓါတ်ပုံနှစ်ပုံနှင့် ၎င်းအဖွဲ့ဝင်က ဝန်ခံလက်မှတ်ရေး ထိုးထား သော ဝန်ခံကတိပြုလွှာ တစ်စောင် တို့ကို တင်ပြပြီး ထုတ်ယူရမည် ဟုဖော်ပြ ပါရှိသည်။

ပြည်တွင်းရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်မည့်သူများသည် လုပ်ထုံးလုပ်နည်းပါ အပိုဒ်၊ ၁၃ (က)၊ လူပုဂ္ဂိုလ် စွဲကင်းခြင်း၊ (ခ) ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် သို့မဟုတ် သက်ဆိုင်ရာ ရွေးကောက် ပွဲကော်မရှင် အဖွဲ့ခွဲတစ်ခုခုတွင် မှတ်ပုံတင်ပြီး အသိအမှတ်ပြုခံရခြင်း၊ (ဂ) ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းချက်များတွင် ဖော်ပြထားသည့် အတိုင်း၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့ လာရေး လုပ်ငန်းကို လိုက်နာဆောင်ရွက်ခြင်း ဟူသည့် အချက်တို့ကို ဝန်ခံကတိပြုကြောင်း စောင့်ကြည့်သူ တိုင်းက လက်မှတ် ထိုး ကတိပြုကြရမည်ဖြစ်သည်။

ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်မည့် PACE အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က "အကုန်လုံးကို လက်မှတ် လိုက်ထိုးခိုင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ကိုယ့်အဖွဲ့ကစောင့်ကြည့်မယ်သူကို တာဝန်အရှိဆုံး လူတစ်ဦးက ကိုယ်စားပြုပြီး သူတို့နဲ့ သက်ဆိုင်တဲ့ကိစ္စကို တာဝန်ယူခံဝန်လုပ်ဖို့ ကျွန်တော်တို့ ကော်မရှင်ကို အဆိုပြုခဲ့တာပါ။ အခုလိုအတိုင်းဆိုရင် တုံးတုရမှာ၊ တင်ရတာတွေ အဆင့်တွေအရမ်းများတယ်" ဟု ဆိုသည်။

ရွေးကောက်ပွဲ စောင့်ကြည့်မည့် ပြည်တွင်းအရပ်ဖက်အဖွဲ့များသည် မိမိတို့ စောင့်ကြည့်မည့် နယ်မြေ များကို ရွေးကောက်ပွဲ ရက်ကြေငြာပြီး တစ်လမှ မကျင်းပမီ၁၅ရက်အထိ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်များသို့ လျောက်ထားကြရမည်ဖြစ်သည်။

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမည်သူများသည် မြို့နယ်တစ်ခုတည်းစောင့်ကြည့်ပါက သက်ဆိုင်ရာ မြို့နယ်ကော်မရှင်၊ မြို့နယ်တစ်ခုထက်ပိုပါက ခရိုင်ကော်မရှင်အဖွဲ့ခွဲ၊ ခရိုင်တစ်ခု ထက်ပိုပါက တိုင်းဒေသကြီး /ပြည်နယ် ကော်မရှင်အဖွဲ့ခွဲ၊ တိုင်းနှင့် ပြည်နယ်၊ တစ်ခုထက်ပိုပါက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် တို့ထံ လျောက်ထားကြရမည်။

၂၀၁၅ ရွေးကောက်ပွဲတွင် မြို့နယ်ပေါင်း ၃၃၀တွင် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှုများကို ပြုလုပ်ရန် PACE (ယုံကြည် ရသောရွေးကောက်ပွဲများဖြစ်ပေါ်ရေး ပြည်သူများပူးပေါင်း ဆောင်ရွက် မှုအဖွဲ့) က ပြင်ဆင်နေသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မြို့နယ်ပေါင်း ၃၃၀တွင်ထားရှိမည့် မဲရုံပေါင်းအရေအတွက်မှ ၂ရာခိုင်နှုန်း ကို လေ့လာစောင့်ကြည်မည်ဟု စိုင်းရဲကျော်စွာမြင့်က မဇ္ဈိမကိုပြောသည်။

ပြည်တွင်းရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများက ၂၀၁၅ခုနှစ်ရွေးကောက်ပွဲကို သက်ဆိုင်ရာ ဥပဒေများမှ စတင်ကာ မဲဆွယ်ကာလ၊ မဲဆန္ဒရှင်စာရင်း၊ မဲဆန္ဒနယ် သတ်မှတ်ခြင်း၊ ကိုယ်စား လှယ်လောင်း အမည်စာင်းသွင်းခြင်း၊ အတည်ပြုခြင်း၊ မဲလက်မှတ်ရိုက်နှိပ်ခြင်း၊ ကြိုတင်ဆန္ဒမဲပေးခြင်း၊ မဲပေး မဲရေတွက်ခြင်း၊ ကိုယ်စားလှယ်လောင်း အသုံးစရိတ်၊ ရလာဒ်ကြေငြာခြင်း လွှတ်တော် ကိုယ်စားလှယ် အမည်ကြေငြာခြင်း နှင့် ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုများ စစ်ဆေးခြင်း ဆုံးဖြတ်ခြင်း တို့ကို ဆောင်ရွက်နိုင်သည်။

၂၀၁၅ခုနှစ် ရွေးကောက်ပွဲ အတွက် မဲရုံပေါင်း ၄၇၀၀၀ မှ ၅၀၀၀၀ ထိထားရှိရန် လျာထားသည်ဟု ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ကော်မရှင်သတင်းအချက်အလက်ဌာန (ရန်ကုန်) ဖွင့်ပွဲတွင် မဇ္ဈိမကို ပြောထားသည်။

ရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ပြည်တွင်း အရပ်ဖက် အဖွဲ့ပေါင်း ၈၀ နီးပါးထိရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly