ပျော်ဘွယ် ညောင်ကုန်းတိုက်နယ်ရဲစခန်းကို CRC- PLA အဖွဲ့ ၀င်တိုက်၊ ရဲများထွက်ပြေးဟုဆို

By 007 (မဇ္စျိမ)
28 March 2023
ပျော်ဘွယ် ညောင်ကုန်းတိုက်နယ်ရဲစခန်းကို CRC- PLA အဖွဲ့ ၀င်တိုက်၊ ရဲများထွက်ပြေးဟုဆို

မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ်အတွင်းရှိ၊ ညောင်ကုန်းတိုက်နယ်ရဲစခန်းကို ယမန်နေ့နေ့လယ်ပိုင်းက ၀င်ရောက်တိုက်ခိုက်ခဲ့ကြောင်း အလယ်ပိုင်းတိုင်း တော်လှန်ရေးမဟာမိတ်များတပ်ပေါင်းစုက သတင်းထုတ်ပြန် သည်။

ယမန်နေ့ မတ် ၂၇ ရက် နေ့လယ် ၁၂ နာရီခွဲခန့်က အဆိုပါရဲစခန်းကို တပ်ပေါင်းစုအဖွဲ့၀င်များက မောင်းပြန်လက်နက်ငယ်များဖြင့်၀င်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

တိုက်ခိုက်မှုနှင့်ပတ်သက်၍လည်း၊ ၎င်းအဖွဲ့ကရုပ်သံဖိုင်နှင့်တကွထုတ်ပြန်ထားသည်ကိုတွေ့ရပြီး၊ ၎င်းရုပ်သံဖိုင်အရ ရဲစခန်းရှေ့အထိ၀င်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ရဲစခန်းအတွင်းရှိသော စကစလက်အောက်ခံရဲခွေးများနှင့် စစ်ခွေးများ အလန့်တကြား ထွက်ပြေးသွားကြသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

၎င်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ အလယ်ပိုင်းတိုင်းတော်လှန်ရေးမဟာမိတ်များတပ်ပေါင်းစု(CRC-PLA) နှင့် ဆက်သွယ်နေသော်လည်း ဆက်သွယ်၍ မရသေးပေ။

စစ်ကောင်စီတပ်ဘက်က ဒဏ်ရာရသေဆုံးမှုမည်မျှရှိကြောင်း မသိရသေးသော်လည်း၊ ရဲစခန်းအတွင်းအင်အားအများအပြား ဖြည့်တင်းနေသည်ကို တွေ့ရှိရကြောင်း ဒေသခံများအပြောအရ သိရသည်။

"ရဲစခန်းထဲကို စစ်ကားတွေမနည်းဘူး ၀င်တာတွေ့တယ်၊ သူတို့အင်အားဖြည့်နေတုန်း အဲဒီဘက်လမ်းတွေ အကုန်ပိတ်ထားတယ်" ဟု ဒေသခံတစ်ဦးကလည်း ပြောသည်။

စစ်တပ်ထောက်ခံသူ မဘသနှင့်ပျူစောထီးများကြီးစိုးသည့် ပျော်ဘွယ်မိတ္ထီလာနယ်တစ်ကြောတွင်၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရဲစခန်းပစ်ခတ်တိုက်ခိုက်မှုမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#စစ်တပ်ထောက်ခံသူ

#မဘသ

#ပျူစောထီး

#ပျော်ဘွယ်မြို့နယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly