တော်လှန်ရေးတွင် အဆုံးထိပါဝင်ပေးကြရန် ရန်ကုန်မြေပြင်သပိတ်အဖွဲ့အစည်းများမှ တောင်းဆို

By ဂန္ဒမာ (မဇ္ဈိမ)
28 March 2023
တော်လှန်ရေးတွင် အဆုံးထိပါဝင်ပေးကြရန် ရန်ကုန်မြေပြင်သပိတ်အဖွဲ့အစည်းများမှ တောင်းဆို

စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစတင်ကာ လမ်းပေါ်ထွက်လာခဲ့သည့် ရန်ကုန်သပိတ်၏အသံများသည် ယခုထိ တိတ်ဆိတ်သွားခြင်းမရှိသဖြင့် ပြည်သူများသည်လည်း တော်လှန်ရေးတွင် အဆုံးထိပါဝင်ပေးကြပါရန် တော်လှန်ရေးအင်အားစုများကိုယ်စား ရန်ကုန်ရှိမြေပြင်သပိတ်အဖွဲ့အစည်းများမှ တောင်းဆိုလာသည်။

“ပြည်သူတွေအနေနဲ့လည်း သွေးမအေးသွားမှ ဆက်ပြီးတိုက်ပွဲဝင်လို့ရမှာပါ။ ဒါကြောင့်လည်း သွေးအေးလို့မဖြစ်ဘူးဆိုတာ အမြဲပြောချင်နေတာပါ။ ရန်ကုန်မြို့က တစ်တိုင်းပြည်လုံးရဲ့ရှေ့ဆောင်ဆိုလည်းမမှားဘူးဗျ။ ရန်ကုန်ကို စစ်ကောင်စီဘက်က စိုးမိုးထားနိုင်မှပဲ သူတို့အုပ်ချုပ်ခွင့်ရတယ်လို့ နိုင်ငံတကာမှာ အသိအမှတ်ပြုခိုင်းလို့ရမှာပေါ့နော်။ ဒါကြောင့်မို့ ကျွန်တော်တို့ကလည်း ဘယ်တော့မှ သူတို့အုပ်ချုပ်ခွင့်မရဘူးဆိုတဲ့ အခြေအနေတစ်ရပ်ကို ဖန်တီးဖို့အတွက် ရန်ကုန်၊ မန္တလေးဆိုတဲ့မြို့ကြီးတွေက အမြဲတမ်းထကြွပုန်ကန်နေဖို့လိုတယ်ဗျ။ ဒါမှလည်း နိုင်ငံတကာက သူတို့ပြောသလိုမျိုး ရန်ကုန်ကို အုပ်ချုပ်စိုးမို့လို့ရပြီ တိုင်းပြည်ကို အုပ်ချုပ်နိုင်နေပြီဆိုတဲ့ဟာမျိုးကို အမှတ်မမှားနိုင်အောင် ရန်ကုန်က ရှေ့ဆောင်လမ်းပြအနေနဲ့ အမြဲတမ်းပုန်ကန်နေတယ်။” ဟု ရန်ကုန်ဒရုန်းက မဇ္ဈိမ ကို ဖြေကြားသည်။

ရန်ကုန်သည် လူငယ်များ၏ အိပ်မက်ဆုံရာမြို့တော်ဖြစ်သော်လည်း တိုင်းပြည်တွင် အာဏာသိမ်းခံရသောအခါ တရားမျှတမှုကို ပြန်လည်ရယူဖို့ လမ်းပေါ်ထွက်ပုန်ကန်မှုများပြုလုပ်ခဲ့ကြရသည်ကို တွေ့မြင်ကြရပြီးဖြစ်သည်။ သို့သော် နောက်ပိုင်းတွင် သပိတ်သမားများအနေဖြင့် လမ်းပေါ်ထွက်လို့မရသည်အထိ စစ်ကောင်စီဘက်မှ ဖိနှိပ်မှုများခံရသည်မှာ အလွန်များပြီး တစ်လကြာသည့်ကာလတစ်ခုတွင်တောင် သပိတ်တစ်ပွဲထွက်နိုင်ဖို့ အနိုင်နိုင်ဖြစ်နေရကြောင်း သိရသည်။

ရန်ကုန်တွင် စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့များ၏ဖိနှိပ်မှုကြောင့် တော်လှန်သူများ ကျဆုံးခဲ့ကြရပြီး တချို့မှာလည်း အကျဉ်းထောင်ထဲတွင် ပေးဆပ်နေရဆဲဖြစ်သည်။ အန္တရာယ်များကြားမှ ရန်ကုန်က ရှေ့ဆောင်အနေနှင့် ထွက်ပြနေခြင်းမှာ သွေးအေးလို့ မဖြစ်ကြောင်းကို ပြသလိုခြင်းကြောင့်ဖြစ်ကြောင်း ပြောသည်။

“ကျွန်တော်တို့က ရန်ကုန်ဆိုတဲ့နာမည်တစ်ခုကိုပဲ ဦးတည်ပြီးတော့လှုပ်ရှားနေတာမဟုတ်ဘူး။ ရန်ကုန်သားတွေအနေနဲ့က ရန်ကုန်ဆိုတဲ့နာမည်ကို အရမ်းသုံးတာပဲပေါ့။ ရန်ကုန်နဲ့ပတ်သက်ပြီး အရမ်းဂုဏ်ဆာတယ်။

တခြားနေရာတွေက ရန်ကုန်လောက်မကောင်းဘူးလို့ ရည်ညွှန်းနေတယ်လို့ ထင်ကောင်းထင်ကြမယ်။ ဒါပေမယ့် အဲ့လိုမဟုတ်ဘူး။ ကျွန်တော်တို့ ရန်ကုန်ကနေ တစ်ခုခုလှုပ်ရှားမှုပြုလုပ်ပြီဆိုတာနဲ့ ကျွန်တော်တို့ နယ်အပါအဝင်ပေါ့နော် ရှေ့တန်းမှာတိုက်နေတဲ့ PDF တွေ ၊ မြို့ပြမှာလှုပ်ရှားနေတဲ့ UG တွေ ၊ အနယ်နယ်အရပ်ရပ်က တော်လှန်ရေးအင်အားစုတွေက အင်အားရသွားတာအမှန်ပဲဗျ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က အမြဲတမ်းပဲ ရန်ကုန်ဆိုတဲ့နာမည်ကို ထည့်သုံးတယ်။ သုံးတယ်ဆိုတာ ရန်ကုန်လို အဖိနှိပ်ခံနေရတဲ့၊ အရမ်းကျပ်တည်းတဲ့ နေရာကတောင်မှ ဒီလောက်ထိရအောင်လှုပ်ရှားနေတယ်ဆိုတာပြရင် နယ်ကလူတွေက ပိုပြီးတော့ ဒီအပေါ်မှာ စိတ်အားထက်သန်လာကြမယ်။ ရန်ကုန်သားတွေဖြစ်တဲ့အတွက်ကြောင့် ရှေ့တန်းကနေဦးဆောင်နေတယ်ဆိုတာကို အားလုံး အားမလျော့အောင် ပြချင်တဲ့သဘောဖြစ်တယ်။” ဟု ရန်ကုန်ဒရုန်းက ဆက်ပြောသည်။

ထို့ကြောင့် ပြည်သူများသည်လည်း မိမိနိုင်ရာတာဝန်ကိုထမ်းဆောင်ပြီး စစ်တပ်ထုတ်ကုန်တွေ သုံးစွဲခြင်းကိုရှောင်ကျဉ်ခြင်း၊ စစ်တပ်အသိုင်းအဝိုင်းနှင့်ပတ်သက်ခြင်းများကို ‌ရှောင်ကျဉ်မှု ပြုလုပ်ရန်လိုအပ်သည်။

စစ်တပ်လက်ပါးစေများနဲ့နီးကပ်စွာသွားလာလှုပ်ရှားခြင်းနှင့် သင်္ကြန်ပွဲတော်အပါအဝင် စစ်ကောင်စီမှကျင်းပသော ပျော်ပွဲရွှင်ပွဲများ ဖျော်ဖြေရေးနေရာများတွင် ပါဝင်ပျော်ရွှင်ခြင်းမပြုလုပ်ကြရန်လည်း ရန်ကုန်တော်လှန်ရေး အင်အားစုများကိုယ်စား YangonDrone၊ SCStrike ၊ USG ၊ ရန်ကုန်လူထုသပိတ် ၊ Yangon Revolution Force ၊ OwlCommunity နှင့် Milk Tea Alliance တို့မှ ဗီဒီယိုဖန်တီးကာ တောင်းဆိုမှုပြုလုပ်ခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#တော်လှန်ရေး

#အင်အားစုများ

#ရန်ကုန်

#PDF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly