မြိတ်မြို့သို့တိမ်းရှောင်လာသည့် ပုလောစစ်ဘေးရှောင်များ ဖမ်းဆီးငွေညှစ်ခံနေရ

By ကိုရွှေမြိတ်(မဇ္ဈိမ)
28 March 2023
မြိတ်မြို့သို့တိမ်းရှောင်လာသည့် ပုလောစစ်ဘေးရှောင်များ ဖမ်းဆီးငွေညှစ်ခံနေရ

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိရပ်ကွက်များသို့ လာရောက်တိမ်းရှောင်နေကြသည့် စစ်ဘေးရှောင်ပြည်သူများ ဖမ်းဆီးငွေညှစ် ခြိမ်းခြောက်ခံရနေကြောင်း ဒေသခံများထံမှ သိရသည်။

မြိတ်မြို့ မြိတ်တောင်ကျေးရွာအုပ်စု ဇေယျာသိရီ(၃)ရပ်ကွက်ရှိ ပေါ်ဦးလမ်းတွင် မတ်လ ၂၇ ရက်နေ့ ညပိုင်းက နေအိမ်သုံးလုံးကို ဧည့်စာရင်းစစ်ပြီး ဖမ်းဆီးကာ လူတစ်ဦးလျှင် ကျပ် ၅၀,၀၀၀ ဒဏ်ငွေဆောင် ခိုင်းကြောင်း ရပ်ကွက်နေသူအချို့ကပြောသည်။

“သိရသလောက်က စစ်ရှောင်တွေက ပုလောဖက်ကလို့ သိရတယ်။ ဧည့်စာရင်သွားတိုင်လည်း ရာအိမ်မှူး က ရေးမပေးဘူးတဲ့။ ညပိုင်းရောက်တော့ ဧည့်စာရင်းလာမတိုင်လို့ဆိုပြီး ဖမ်းသွားတယ် ”ဟု ပေါ်ဦးလမ်း နေ ဒေသခံတစ်ဦးကပြောသည်။

မြိတ်ခရိုင်အတွင်း စစ်အုပ်ချုပ်ရေးကြေညာထားသည့် တနင်္သာရီနှင့် ပုလောမြို့နယ်တို့မှ မြိတ်မြို့ပေါ်သို့ တိမ်းရှောင်လာပါက ရပ်ကွက်များတွင် နေထိုင်ခွင့်မပေးရန်နှင့် ရောက်ရှိလာပါကလည်း ရပ်ကျေးအုပ် ချုပ်ရေးမှူးများထံ သတင်းပို့ရန် စစ်ကောင်စီကညွန်ကြားထားကြောင်း မြို့ခံများထံမှ သိရသည်။

“ မြိတ်မှာ အခုရက်ပိုင်း ရပ်ကွက်တွေမှာ ညဖက်ဆို CDM နဲ့ NLD ပါတီဝင်တွေ လိုက်ဖမ်းနေသလို ဧည့် စာရင်းစစ် ဖမ်းဆီးမှုတွေ ပြန်လုပ်လာနေလို့ ဖမ်းဆီးခံနေရတာတွေ ရှိနေတယ်” ဟု မြိတ်တောင်နယ်မြေ ဘုရားကိုင်ရပ်နေ ဒေသခံတစ်ဦးကလည်း ပြောသည်။

စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့စည်းများ၏ ဖမ်းဆီးခံရသူအများစုသည် ဒဏ်ငွေ ၅၀,၀၀၀ ကျပ် မှစ၍ သိန်းချီတောင်းယူခံနေရကြောင်း သိရသည်။

စာတည်း ။ ။Alden
စာမူတည်းဖြတ်။   ။စောဖေ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly