စစ်အုပ်စုအတွက် လေယာဉ်ဆီနှင့် စစ်ဖက်ပစ္စည်း ပေးသွင်းထောက်ပံ့သူများကို ဗြိတိန်က ဒဏ်ခတ်ပိတ်ဆို့

By Anadolu Agency
28 March 2023
စစ်အုပ်စုအတွက် လေယာဉ်ဆီနှင့် စစ်ဖက်ပစ္စည်း ပေးသွင်းထောက်ပံ့သူများကို ဗြိတိန်က ဒဏ်ခတ်ပိတ်ဆို့

ဗြိတိန်သည် မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များကို မတ်လ ၂၇ ရက်တွင် ကြေညာခဲ့ပြီး ယခုတစ်ကြိမ်တွင် အာဏာသိမ်းစစ်တပ်ထံ စစ်ဖက်ဆိုင်ရာပစ္စည်း အပါအဝင် အထောက်အကူပစ္စည်းများ ပေးသွင်းထောက်ပံ့နေသူများကို ပစ်မှတ်ထားအရေးယူသည်။

“အခု ဗြိတိန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေကတော့ မြန်မာနိုင်ငံမှာ အရပ်သားပြည်သူတွေကို တိုက်ခိုက်ရာမှာ အသုံးပြုနေဆဲဖြစ်တဲ့ စစ်ဖက်ပစ္စည်းတွေ အပါအဝင် အထောက်အပံ့ပစ္စည်းတွေနဲ့ မြန်မာစစ်အုပ်စုကို ပေးသွင်းထောက်ပံ့နေသူတွေကို ပစ်မှတ်ထားမှာဖြစ်ပါတယ်” ဟု ဗြိတိန်နိုင်ငံခြားရေးရုံး၏ ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြသည်။

“အရပ်သားပြည်သူတွေအပေါ် လေတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ” အတွက် ထောက်ကူပေးနေသူတွေကို ပစ်မှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကိုတော့ မြန်မာစစ်တပ်က တပ်မတော်နေ့အဖြစ် ကျင်းပတဲ့နေ့မှာ ချမှတ်တာဖြစ်တယ်” ဟု ထို ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ဒီနေ့ အရေးယူပိတ်ဆို့လိုက်တဲ့ သူတွေထဲမှာတော့ မြန်မာလေတပ်ကို လေယာဉ်ဆီ ပေးသွင်းထောက်ပံ့တဲ့ ကုမ္ပဏီတစ်ခုနဲ့ အဲဒီကုမ္ပဏီရဲ့ ဒါရိုက်တာ ပါသလို နောက်ထပ်ကတော့ တားမြစ်ကန့်သတ်ထားတဲ့ ကုန်ပစ္စည်းတွေနဲ့ နည်းပညာတို့ကို စီးပွားရေးလုပ်ငန်းကနေတစ်ဆင့် ပေးသွင်းထောက်ပံ့တဲ့ ကုမ္ပဏီတစ်ခုရဲ့ ဒါရိုက်တာဖြစ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်လည်း ပါ ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြသည်။

မြန်မာပြည်သူတို့အပေါ် အာဏာသိမ်းစစ်တပ်ဘက်က “လူမဆန် ရက်စက်သော လုပ်ရပ်များ တိုးမြှင့်လုပ်ဆောင်မှု” အပေါ် ဗြိတိန်အနေဖြင့် ပြစ်တင်ရှုတ်ချကြောင်း ဗြိတိန်၏ အင်ဒို-ပစိဖိတ်ဆိုင်ရာ ဝန်ကြီး အန်နီ-မေရီ ထရီဗယ်လ်ယန်က ပြောသည်။

“ဒီနေ့မှာ ထုတ်ပြန်ကြေညာလိုက်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကတော့ မြန်မာစစ်တပ်ရဲ့ လေယာဉ်ဆီနဲ့ စစ်ဖက်ပစ္စည်း ရရှိနိုင်မှုအပေါ် လျော့ကျစေဖို့ ရည်ရွယ်ပါတယ်” ဟု သူမက ပြောသည်။

၂၀၂၁ ၊ ဖေဖေါ်ဝါရီ ၁ ရက်တွင် မြန်မာစစ်တပ်သည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ဒီမိုကရေစီ နည်းလမ်းတကျ ရွေးချယ်တင်မြှောက်ခံ အစိုးရကို ဖြုတ်ချကာ မတရားသဖြင့် အာဏာသိမ်းခဲ့သည်။

မတ်လ ၂၇ ရက်နေ့ ဒဏ်ခတ်ပိတ်ဆို့မှုများသည် မြန်မာစစ်အုပ်စုအပေါ် ချမှတ်သည့် ဗြိတိန်အစိုးရ၏ ၁၅ ကြိမ်မြောက် ပစ်မှတ်ထား ဒဏ်ခတ်အရေးယူမှုလည်း ဖြစ်သည်ဟု နိုင်ငံခြားရေးရုံးက ထုတ်ပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required