ဖလမ်းမြို့နယ်တွင် စစ်ကောင်စီတပ် ပဒေသာမိုင်းဆွဲခံရပြီး ညှပ်တိုက်ခံရ၍ ၂၂ဦး သေဆုံး

By ပါခွီး
28 March 2023
ဖလမ်းမြို့နယ်တွင် စစ်ကောင်စီတပ် ပဒေသာမိုင်းဆွဲခံရပြီး ညှပ်တိုက်ခံရ၍ ၂၂ဦး သေဆုံး

မဇ္စျိမ ။။ ချင်းပြည်နယ် ဖလမ်းမြို့မှ ဟားခါးမြို့သို့ ရိက္ခာနှင့် စစ်အင်အား ဖြည့်ဆည်းရန် ထွက်ခွာလာနေသည့် စစ်ကြောင်းကို ဖလမ်းမြို့နယ်အတွင်း ပဒေသာမိုင်းဆွဲ၍ ရှေ့နောက်ညှပ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၂၂ဦးသေဆုံးသွားကြောင်း ချင်းအမျိုးသားတပ်မတော် (CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ က မဇ္စျိမကိုပြောသည်။

မတ်လ ၂၇ရက် ညနေပိုင်းအချိန်တွင် တလန်ရောရ်ရွာနှင့် တားလ်ရွာအကြားတွင် ချင်းပူးပေါင်းတပ်ဖွဲ့ လက်ဖြောင့်တပ်သားများက ပစ်ခတ်ခဲ့ရာ ခုနစ်ဦးသေဆုံးကြောင်း ဆိုသည်။

ဆက်လက်ပြီး ယာဉ်တန်းရှေ့မှ သွားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ပဒေသာမိုင်းဖြင့် ဖောက်ခွဲခဲ့ရာ ၁၇ဦး သေဆုံးသွားကြောင်းသိရသည်။

“သူတို့က ယာဉ်တန်းကို နောက်ခပ်ဝေးဝေးမှာထားပြီး ရှေ့ကတစ်ဖွဲ့ရယ် လမ်းဘေးဝဲယာတွေမှာဖြန့်တက်လာနေတာ ကျနော်တို့က ရှေ့နောက်ညှပ်တိုက်ခဲ့ကြ တာပါ” ဟု ဆလိုင်းထက်နီက ပြောဆိုသည်။

အဆိုပါ ဖြတ်တောက်တိုက်ခိုက်မှုများကြောင့် မတ်လ ၂၈ရက် ယနေ့မနက်အချိန်ထိ စစ်ကောင်စီတပ်သားများသည် ရှေ့ဆက်မတိုးနိုင်သေးဘဲ တလန်ရောရ်ရွာနှင့် တားလ်ရွာအကြား ဆက်လက်သောင်တင်လျက်ရှိနေကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ဒေသခံ ချင်းကာကွယ် ရေးတပ်ဖွဲ့များမှ ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။

ဆက်လက်ပြီး ဟားခါးမြို့သို့ သွားရာလမ်းတွင်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန် လာဖွယ်ရှိကြောင်း CNA ပြောခွင့်ရသူက ဆက်လက်ပြောဆိုသည်။

အဆိုပါ စစ်ကောင်စီတပ် စစ်ကြောင်းသည် မတ်လ ၉ရက်နေ့မှစတင်၍ စစ်ကိုင်းတိုင်း ကလေးမြို့မှ သံချပ်ကာကား နှစ်စီး ၊ ကုန်တင်မော်တော်ယာဉ် အစီး ၃၀ နှင့် အင်အား ၂၀၀ ဝန်းကျင်ဖြင့် ချင်းပြည်နယ်သို့ ရိက္ခာနှင့် စစ်အင်အားဖြည့်တင်းရန် ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။

ယင်းစစ်ကြောင်းကို ကလေးမြို့နှင့် ဖလမ်းမြို့အကြား မတ်လ ၁၂ရက်မှ ၁၉ရက် အတွင်း မိုင်းဆွဲခြင်း ၊ ချုံခိုတိုက်ခိုက်ခဲ့ များပြုလုပ်ခဲ့သဖြင့် စစ်ကောင်စီတပ်သား ၁၇ဦးသေဆုံးပြီး ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်း ချင်းအမျိုးသားကာကွယ် ရေးတပ်ဖွဲ့ (CNDF) မှ ထုတ်ပြန်ခဲ့သည်။

မတ်လ ၁၉ရက်နေ့တွင် စစ်ကြောင်းသည် ဖလမ်းမြို့သို့ရောက်ရှိခဲ့ပြီး မတ်လ ၂၁ရက် နေ့တွင် ဖလမ်းမြို့မှ ဟားခါးမြို့သို့ ဆက်လက်ထွက်ခွာလာရာ လမ်းတစ်လျှောက်တွင် ချင်းပူးပေါင်းတပ်ဖွဲ့များမှ မိုင်းဆွဲခြင်း ၊ ဖြတ်တောက်တိုက်ခိုက်ခြင်းများအဆက်မပြတ် ပြုလုပ်နေကြကြောင်း သိရှိရသည်။

အဆိုပါ စစ်ကောင်စီတပ် စစ်ကြောင်းနှင့် ချင်းတပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားနေသဖြင့် ဖလမ်းနှင့် ဟားခါးလမ်းဘေးရှိ ကျေးရွာများမှ ပြည်သူများ တိမ်းရှောင်နေကြ ရကြောင်း သိရှိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly