ယင်းမာပင်မြို့ပေါ် ရဲစခန်းနှင့် ကန့်ထောက် ရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့များတိုက်ခိုက် 

By လွှမ်းမိုး (မဇ္ဈိမ)
28 March 2023
ယင်းမာပင်မြို့ပေါ် ရဲစခန်းနှင့် ကန့်ထောက် ရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့များတိုက်ခိုက် 

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့များ အထိုင်ချ တပ်စွဲနေသည့် ရဲစခန်း၊ သစ်တောရုံးနှင့် ထွေအုပ်ရုံးတို့ကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက ယမန်နေ့ မတ်လ ၂၇ ရက် နံနက် ၃ နာရီခွဲ အချိန်မှစ၍ တိုက်ခိုက်ခဲ့ကြောင်း Chindwin Toe Na Yar တပ်ဖွဲ့ထံမှ သိရသည်။ 

“လက်နက်ကြီး  လက်နက်ငယ်တွေ သုံးပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုကြာချိန် နှစ်နာရီခန့် ရှိပါတယ်။ ရန်သူ့ ပစ္စည်း သိုလှောင်ရုံတွေကို ဖျက်ဆီးနိုင်ခဲ့တယ်။ စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုနဲ့ပတ်ပြီး အတည်ပြုနိုင်တာ မရှိသေးပါဘူး”ဟု Chindwin Toe Na Yar တပ်ဖွဲ့ ခေါင်းဆောင် ကိုမြက ပြောသည်။ 

အဆိုပါ တိုက်ခိုက်မှုကို Chindwin Toe Na Yar PDF  ၊SSTF  ၊တပ်ရင်း(၂၉) (ခ) ဒေါင်းမင်း ၊Yoma Fighter ၊Chindwin Revolutionatity Fighter ၊မြွေဆိုး ၊သခင်ဒေါင်းညို ၊ဆရာကျောင်း ၊မုံရွာခရိုင် တပ်ရင်း (၂၅) သံမဏိတပ်ခွဲ(၂) ၊M F PDA ၊ဘာမရှောင်၊လက်လုပ်လက်နက်ငယ် ကိုမျိုး ၊MNAF ၊JARF နှင့် CRF တပ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

ထို့အပြင် မတ်လ ၂၅ ရက် ည ၉ နာရီခွဲ အချိန်ကလည်း ပုလဲမြို့ အနောက်ဘက် ကန့်ထောက်ရဲစခန်းမှ ပတ်ကင်းထွက်လာသည့် စစ်ကောင်စီတပ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး တစ်ဦး သေဆုံးကြောင်း သခင်ဒေါင်းညို တပ်ဖွဲ့ထံမှ သိရသည်။ 

“ပတ်ကင်းထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲခဲ့တာ ဖြစ်ပါတယ်။ သုံးဦး မိုင်းမိပြီး တစ်ဦးဘဲ သေဆုံးခဲ့တာ ဖြစ်တယ်ဟု အတွင်းသတင်း အရသိရပါတယ်” ဟု သခင်ဒေါင်းညိုက ပြောသည်။ 

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly