နည်းပညာကုမ္ပဏီများ ဖြိုခွင်းခံရမှုနှင့် ကမ္ဘာ့အခြေအနေများကြောင့် တရုတ်နိုင်ငံ၏ လူချမ်းသာဦးရေ ကျဆင်းလာ   

By Reuters 
28 March 2023
နည်းပညာကုမ္ပဏီများ ဖြိုခွင်းခံရမှုနှင့် ကမ္ဘာ့အခြေအနေများကြောင့် တရုတ်နိုင်ငံ၏ လူချမ်းသာဦးရေ ကျဆင်းလာ   

ကမ္ဘာ့ငွေကြေးကျပ်တည်းမှု၊ ကိုဗစ်-၁၉ ကပ်ရောဂါ၏ အနှောင့်အယှက်များနှင့် တရုတ်အစိုးရ၏ နည်းပညာကုမ္ပဏီများအပေါ် ဖြိုခွင်းမှုတို့ကြောင့် လူချမ်းသာများမှာ ထိခိုက်နစ်နာမှုများနှင့် ကြုံနေရပြီး ယမန်နှစ်က ဘီလျံနာအဆင့်မှ ကျဆင်းသွားသူ ၄၀၀ ကျော်ရှိခဲ့ကာ အများစုမှာ  တရုတ်နိုင်ငံမှဖြစ်ကြောင်း Hurun Report သုတေသီကုမ္ပဏီက ထုတ်ပြန်လိုက်သည်။

Hurun ၏ ၂၀၂၃ ခုနှစ် ကမ္ဘာ့အချမ်းသာဆုံးစာရင်းမှ တရုတ်ဘီလျံနာ ၂၂၉ ဦး ဖယ်ရှားခံခဲ့ရပြီး အသားတင် ပိုင်ဆိုင်မှု အနည်းဆုံး ဒေါ်လာ ၁ ဘီလီယံရှိသည့် လူချမ်းသာစာရင်းမှ ဖယ်ရှားခံရသူ ၄၄၅ ဦးအနက် တရုတ်က ထက်ဝက်ကျော်ပါဝင်နေကြောင်း Hurun Report က မတ် ၂၃ တွင် ဖော်ပြခဲ့သည်။

ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်သော တရုတ်သည် ယင်းကာလအတွင်း ဘီလျံနာအသစ် ၆၉ ဦးကို စာရင်းတွင် ထည့်သွင်းခဲ့သည်။

"ကမ္ဘာ့ဘီလျံနာအရေအတွက်ဟာ ၈ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး သူတို့ရဲ့ စုစုပေါင်းကြွယ်ဝမှုကလည်း ၁၀ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်" ဟု Hurun Report ကို တည်ထောင်သူ ဥက္ကဌ ရူပါ့ဟူဂီဝါ့ဖ်က ပြောကြားသည်။ 
ယခုနှစ် ဘီလျံနာ စာရင်းတွင် စုစုပေါင်း ၃ ၁၁၂ ဦးရှိပြီး ယမန်နှစ်က ၃၃၈၁ ဦးရှိခဲ့ကြောင်း ရူပါ့ဟူဂီဝါ့ဖ်က ပြောသည်။
တရုတ်သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့အထိ ဘီလျံနာ ၉၆၉ ဦးဖြင့် ထိပ်ဆုံးမှ ရပ်တည်နေပြီး အမေရိကန်က ၆၉၁ ဦးသာ ရှိသည်။

တရုတ်အစိုးရ၏ နည်းပညာကဏ္ဍအပေါ် ဖြိုခွင်းမှုကြောင့် အွန်လိုင်းကူးသန်းရောင်းဝယ်ရေးကုမ္ပဏီကြီး Alibaba Group Holding ကို တည်ထောင်သူ ဂျက်မားသည် ယခုနှစ်အစောပိုင်းက ဘီလျံနာအဆင့် ၃၄ မှ ၅၂ သို့ ကျဆင်းသွားခဲ့သည်။

အတိုးနှုန်းမြင့်တက်ခြင်း၊ အမေရိကန်ဒေါ်လာတန်ဖိုးတက်ခြင်း၊ ကိုဗစ်ကြောင့် နည်းပညာလုပ်ငန်းများ ထိခိုက်ခြင်း၊ ရုရှား-ယူကရိန်းစစ်ပွဲ၏ အဆက်မပြတ်သက်ရောက်မှုများ စသည့်အချက်များအားလုံးကြောင့် စတော့စျေးကွက်များ ထိခိုက်ခဲ့ကြောင်း  ဟူဂီဝါ့ဖ်က ပြောကြားသည်။

ထို့ပြင် ဗဟိုဘဏ်၏ အတိုးနှုန်းမြင့်တက်မှုနှင့် ပြည်တွင်းစီးပွားရေး နှေးကွေးမှုများကြောင့် တရုတ်နိုင်ငံ၏ ယွမ်ငွေသည် ၂၀၂၂ ခုနှစ်တွင် တစ်ဟုန်ထိုးတက်လာသော ဒေါ်လာတန်ဖိုးနှင့် နှိုင်းယှဉ်လျှင် ၈ ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့ပြီး ၁၉၉၄ ခုနှစ်နောက်ပိုင်း အကြီးမားဆုံး ကျဆင်းမှုဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly