TikTok ပိတ်ပင်ခံရပြီးနောက် တရားမျှတစွာ ဆောင်ရွက်ကြရန် တရုတ် တောင်းဆို

By Independent
27 March 2023
 TikTok ပိတ်ပင်ခံရပြီးနောက် တရားမျှတစွာ ဆောင်ရွက်ကြရန် တရုတ် တောင်းဆို

ဗီဒီယိုအတိုများကို မျှဝေသော အက်ပလီကေးရှင်းဖြစ်သည့် တရုတ်ပိုင် TikTok သည် လုံခြုံရေးအန္တရာယ်ရှိကြောင်း စိုးရိမ်ရသဖြင့်  ဗြိတိန်နှင့် နယူးဇီလန်တို့က အမေရိကန်ကဲ့သို့ပင် TikTok အသုံးပြုမှုကို ကန့်သတ်လိုက်ပြီးနောက် တရုတ်အစိုးရက ၎င်းပိုင်ကုမ္ပဏီများအား မျှမျှတတဆက်ဆံရန် မတ်လ ၁၇ ရက်တွင် တောင်းဆိုလိုက်သည်။

TikTok ၏ ပိုင်ရှင် ByteDance က အသုံးပြုသူများ၏ ရှာဖွေမှုမှတ်တမ်း သို့မဟုတ် အခြားအချက်အလက်များကို တရုတ်အစိုးရထံ ပေးကာ ဝါဒဖြန့်ခြင်းနှင့် မဟုတ်မမှန်သောသတင်းများထုတ်လွှင့်မည်ကို အစိုးရများက စိုးရိမ်နေသည်။

“ယထာဘူတကျတဲ့ အချက်အလက်တွေကို အသိအမှတ်ပြုဖို့နဲ့ ဈေးကွက်စီးပွားရေးကို လေးစားလိုက်နာဖို့ သက်ဆိုင်ရာနိုင်ငံတွေကို ကျွန်တော်တို့ တောင်းဆိုပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝေဘင်းက ပြောကြားခဲ့သည်။

ချစ်ပ်ပြား၊ စမတ်ဖုန်းနှင့် အခြားစက်မှုလုပ်ငန်းများကို အနှောက်အယှက်ဖြစ်စေနိုင်သော နည်းပညာနှင့် လုံခြုံရေးနှင့်ပတ်သက်၍ တရုတ်နှင့် အခြားအစိုးရများကြား ပဋိပက္ခများတွင်  TikTok က ဗဟိုချက်ဖြစ်လာခဲ့သည်။

နယူးဇီလန်ပါလီမန်မှ ဥပဒေပြုအမတ်များနှင့် ဝန်ထမ်းများအား ဖုန်းများတွင် TikTok အက်ပ်ကို အသုံးမပြုရန် အစိုးရက မတ်လ ၁၆ ရက်တွင် တားမြစ်ခဲ့သည်။ ဗြိတိန်ကလည်း အစိုးရဖုန်းအားလုံးတွင် TikTok ကို ပိတ်ပင်လိုက်ကြောင်း မတ်လ ၁၅ ရက်က ကြေညာခဲ့သည်။

အမေရိကန်အစိုးရသည် ၎င်းထုတ်ပေးထားသော မိုဘိုင်းပစ္စည်းများမှ TikTok ကို ရက်ပေါင်း ၃၀ အတွင်း ဖျက်ရန် ပြည်နယ်အစိုးရများအား ဖေဖော်ဝါရီလက မှာကြားခဲ့သည်။

ကွန်ဂရက်လွှတ်တော်၊ အမေရိကန် လက်နက်ကိုင်တပ်ဖွဲ့ဝင်များနှင့် အမေရိကန်ပြည်နယ်အစိုးရများ၏ ထက်ဝက်ကျော်သည် ဝန်ထမ်းများအား TikTok ကို အသုံးမပြုရန် တားမြစ်ထားသည်။

အိန္ဒိယကလည်း WeChat စာတိုပို့သည့် အက်ပ်အပါအဝင် အခြားသော တရုတ်အက်ပ် ဒါဇင်ပေါင်းများစွာကို လုံခြုံရေးနှင့် ကိုယ်ရေးလုံခြုံရေးဆိုင်ရာ အကြောင်းပြချက်များဖြင့် ပိတ်ပင်ထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly