ပုလောနှင့်တနင်္သာရီတို့တွင် အမျိုးသား ၄ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ပစ်သတ်

By ကိုရွှေမြိတ် မဲဆောက်(မဇ္ဈိမ)
27 March 2023
ပုလောနှင့်တနင်္သာရီတို့တွင် အမျိုးသား ၄ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ပစ်သတ်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင် ၊ ပုလောမြို့နယ်နှင့် တနင်္သာရီမြို့နယ်တို့တွင်  မတ်လ ၂၅ ရက်နေ့က အမျိုးသားလေးဦးကို စစ်ကောင်စီတပ်ဖွဲ့မှ သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

တနင်္သာရီမြို့နယ်၊ ကမ္မလိုင်းကျေးရွာရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တစ်ခုတွင် မတ်လ ၂၅ ရက်နေ့ က ဆိုင်ကယ်စီးလာသည့် အမျိုးသားနှစ်ဦးအား စစ်ဆေးမခံဘဲမောင်းနှင်ထွက်ပြေးသည်ဟုဆိုကာ သေနတ်ဖြင့်ပစ်ခတ်သဖြင့် တစ်ဦး ပွဲချင်းပြီးသေဆုံး၍ ကျန်တစ်ဦးမှာ ကျေးလက်ဆေးရုံအရောက်တွင် သေဆုံးခဲ့ကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များထံမှ သိရသည်။

“သေဆုံးသွားတဲ့နှစ်ယောက်က ညီအစ်ကိုဝမ်းကွဲတွေဖြစ်ပါတယ်၊ သူတို့က ကျွန်းစုမြို့နယ်ကဖြစ်ပြီး တနင်္သာရီဖက်မှာ ဥယျာဉ်ခြံလုပ်ငန်းလာလုပ်ကိုင်နေရင်း အခုလို ပစ်သတ်ခံလိုက်ရတာဖြစ်တယ်”ဟု  ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အလားတူ မတ်လ ၂၅ ရက်နေ့က ပုလောမြို့နယ် ပုလောကုန်းနှင့် နန်းတောင်ရွာတို့တွင် စစ်ကောင်စီ တပ်ဖွဲ့ စစ်ကြောင်းထိုးဝင်ရောက်လာစဉ် ဒေသခံအမျိုးသားသုံးဦးကို ဖမ်းဆီးသွားပြီးနောက် နှစ်ဦးမှာ သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို ပြန်လည်တွေ့ရှိရကြောင်း ဒေသခံများထံမှ သိရသည်။

“ဖမ်းခံရတာ သုံးယောက်ပါ၊ စစ်တပ်က စစ်ကြောင်းထိုးလာချိန် လမ်းမှာတွေ့လို့ ဖမ်းခံလိုက်ရတယ်။ နှစ်ယောက်တော့ အလောင်း ပြန်တွေ့ပြီး တစ်ယောက်တော့ ပျောက်နေတယ်”ဟု ၎င်းက ပြောသည်။

မြိတ်ခရိုင်အတွင်းရှိ ပုလောမြို့နယ်နှင့် တနင်္သာရီမြို့နယ်တို့သည် စစ်ကောင်စီကစစ်အုပ်ချုပ်ရေး ကြေ ညာထားသည့် မြို့နယ်များလည်း ဖြစ်သည်။

တနင်္သာရီတိုင်း ၊ ခရိုင်သုံးခုအတွင်းရှိ မြို့နယ်များမှ စစ်ကောင်စီစစ်ဆေးရေးဂိတ်များတွင် ဆိုင်ကယ်ဖြင့် သွားလာသူများအား ပစ်ခတ်မှုများ မကြာခဏဖြစ်ပွားလျှက်ရှိသည်ဟု သိရသည်။

စာတည်း။     ။  ဖူးသိမ်ကျ
စာမူတည်းဖြတ်။   ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required