နတ်တလင်းမြို့နယ်တွင် စစ်ကောင်စီတပ်က ၁ အိမ်ထောင်လျှင် ဆန် ၂ ပြည်သာဝယ်ခွင့် ကန့်သတ်

By ရွှေနွယ်( မဇ္ဈိမ )
27 March 2023
နတ်တလင်းမြို့နယ်တွင် စစ်ကောင်စီတပ်က ၁ အိမ်ထောင်လျှင် ဆန် ၂ ပြည်သာဝယ်ခွင့် ကန့်သတ်

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ တောင်ညိုဆည်အထက်ပိုင်းမှကျေးရွာများအား စားနပ်ရိက္ခာ ဝယ်ယူရာတွင် တစ်အိမ်ထောင်လျှင် ဆန်နှစ်ပြည်သာ ဝယ်ယူ၊ သယ်ယူရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကန့်သတ်ထားသည်ဟု တောင်ညိုဆည်အနီးနေထိုင်သူ ဒေသခံများက မဇ္ဈိမကိုပြောသည်။

“တစ်အိမ်ထောင်ကို ဆန်နှစ်ပြည်လောက်ပဲ သယ်လို့ရတယ်။ အဲဒီလိုလုပ်နေတာ မရှိဘူးဆိုရင်တောင် နှစ် ပတ်လောက်ရှိနေပြီ။ တောင်ညိုဆည်ကနေထွက်ဖို့ဆို မကျီးပင်စက်လှေဆိပ်ရှိတယ်လေ၊ ဆည်ထဲကရွာ တွေကနေ အဲဒီစက်လှေဆိပ်ရောက်ဖို့ နာရီဝက်စီးရတယ်။ လှေအပိုင်မရှိတဲ့သူဆို ငှားစီးရတာ။ ကန့်သတ် တာထက် ပိုဝယ်လာမိရင်လည်း သူတို့ကဖြတ်ယူထားလိုက်တယ်။ ဆန်မှမဟုတ်ပါဘူး တခြားကုန် ပစ္စည်း ဆိုလည်း စစ်ဆေးနေတာ၊ စားရေးသောက်ရေးကအစ တော်တော်ကိုအခက်ကြုံနေရပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

တောင်ညိုဆည်အထက်ပိုင်းရှိကျေးရွာများသည် ဆည်ကိုဖြတ်၍ တောင်ညိုမြို့သစ်နှင့် နတ်တလင်းမြို့ ပေါ်သို့ စျေးတက်ဝယ်ကြလေ့ရှိသည်။ ထိုသို့စျေးဝယ်ရန်ဖြစ်စေ အလုပ်ကိစ္စနှင့်ဖြစ်စေ သွားလာသည့်အခါ မကျီးပင်စက်လှေဂိတ်ကိုဖြတ်၍ သွားလာကြရသည်။ လက်ရှိတွင် အဆိုပါ မကျီးပင်စက်လှေဂိတ်၌ စစ်ကောင်စီတပ်သားများ အထိုင်ချကာ စစ်ဆေးနေခြင်းဖြစ် သည်ဟု သိရသည်။

“အရင်ကတော့ အဲ့ဂိတ်မှာ စစ်သားအယောက် ၂၀ လောက်ရှိလေ့ ရှိတယ်၊ ဒီရက်ပိုင်းထဲမှာ အင်အား ထပ် တိုးထားသေးတယ်၊ အဓိက ဒီလိုလုပ်တယ်ဆိုတာက ရွာသားတွေမှာ ရိက္ခာအပိုရှိနေရင် ရိုးမပေါ်က ကာကွယ်ရေးတပ်တွေကို ထောက်နေမယ်လို့ စွပ်စွဲပြီးလုပ်နေတာပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။

တောင်ညိုဆည်အထက်ပိုင်းတွင် ကွင်းကျယ်၊ သံပရာခုံ၊ ဆင်ဆွဲရွာမ၊ ရုံးကုန်း၊ ကြက်မနက်နှင့် ကွေ့ကြီး ရွာအပါအဝင် ကျေးရွာ ၁၃ ရွာခန့်ရှိပြီး ညောင်လေးပင်၊ ကွေ့ကြီးနှင့် ကျောက်ပြုတ်ရွာများမှ ဒေသခံများ သည် စစ်ကောင်စီတပ်များ၏ ရန်ကြောင့် တိမ်းရှောင်နေကြရသည်ဟု သိရသည်။

“တောင်ညိုဆည်အတွင်း ဒေသခံတချို့ရဲ့ အိမ်တွေက မွေးထားတဲ့ ကြက်၊ ဘဲတွေကို ရိုက်ယူတာတွေရှိ တယ်။ PDF နဲ့ အဆက်သွယ်ရှိတယ်လို့ ထင်တဲ့အိမ်တွေကလူတွေကိုလည်း ရိုက်နှက်သွားတာတွေရှိ တယ်” ဟု ဒေသခံက ဆိုသည်။

နတ်တလင်းမြို့နယ်သည် စစ်အုပ်ချုပ်ရေးကြေညာထားသောမြို့နယ်ဖြစ်ပြီး ပဲခူးရိုးမအခြေရှိ တောင်ညို ဆည်နှင့် ပတ်ဝန်းကျင်တဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့၏စစ်ကြောင်းများနှင့် ဒေသခံကာကွယ်ရေးတပ် များ မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိသည်။

ပြီးခဲ့သည့် မတ်လ ၁၉ ရက် ညနေ ၆ နာရီခန့်တွင် တောင်ညိုဆည်အထက်ဘက်ရှိ ကြက်မနက်ရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား သာယာဝတီခရိုင် PDF တပ်ရင်း၊ တပ်ရင်း (၃၈၀၁) တပ်ခွဲ (၂) Phoenix DFနှင့် ပြည်ခရိုင် PDF တပ်ရင်း (၃၆၀၁) တပ်ခွဲ (၂)၊ တပ်ခွဲ (၃) ပူးပေါင်းတပ်ဖွဲ့များက တိုက် ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးခဲ့သည်ဟု မတ်လ ၂၂ ရက်နေ့တွင် Phoenix DF က ထုတ်ပြန်ထားသည်။

ထို့ပြင် တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်သည့်အတွက် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်များ နှင့် နီးနီးကပ်ကပ်နေထိုင်သွားလာခြင်း မပြုကြရန်နှင့် အဆက်အသွယ်မပြုလုပ်ကြရန် ထုတ်ပြန်ချက် တွင် သတိပေးဖော်ပြထားသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly