မြိတ်မြို့ပေါ်ရပ်ကွက်အချို့တွင် သောက်သုံးရေရှားပါးမှုနှင့် ကြုံနေရ

By ကိုရွှေမြိတ်(မဇ္ဈိမ)
27 March 2023
မြိတ်မြို့ပေါ်ရပ်ကွက်အချို့တွင် သောက်သုံးရေရှားပါးမှုနှင့် ကြုံနေရ

တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ မြို့ပေါ်ရပ်ကွက်အချို့တွင် သောက်သုံးရေရှားပါးမှုနှင့် ကြုံနေရ ကြောင်း မြို့ခံများထံမှသိရသည်။

လက်ရှိတွင် မြိတ်မြို့ပေါ်ရပ်ကွက်များဖြစ်သော ရေပုံးနယ်မြေရှိ ရပ်ကွက်များ၊ မြိတ်တောင်ကျေးရွာမှ အင်းလေးမြိုင်နှင့် အင်းလေးကမ်းရပ်ကွက်တို့တွင် သောက်သုံးရေရှားပါးနေခြင်းဖြစ်ကြောင်း ဒေသခံများ က ပြောသည်။

“နွေရာသီရောက်ပြီဆိုရင် သောက်သုံးရေရှားပါးတာက အမြဲကြုံနေရတာဖြစ်တယ်၊ သက်ဆိုင်ရာ ဒေသ အာဏာပိုင်တွေလာရောက် ဖြေရှင်းပေးတာမျိုးမရှိပေမယ့် ပရဟိတအဖွဲ့တွေက လာရောက်လှူဒါန်းပေး နေတာမျိုးတော့ ရှိနေတယ်”ဟု ရေပုံးနယ်မြေမှ ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် သောက်သုံးရေပြတ်လပ်ရှားပါးနေသည့်ရပ်ကွက်များကို မြိတ်အခြေစိုက် ပရဟိတအဖွဲ့များ က အလှူရှင်များ၏ ထည့်ဝင်လှူဒါန်းငွေဖြင့် ရေဂါလန် ၁,၈၀၀ ဆံ့ ရေကားဖြင့် ရပ်ကွက်အလိုက် ဆက် သွယ်လာသည့်နေရာများကို သွားရောက် လှူဒါန်းပေးနေကြောင်း ပရဟိတအဖွဲ့များက ပြောသည်။

“အဓိက ကတော့ ရေတကယ်ရှားနေတဲ့ ရပ်ကွက်တွေကို ကျွန်တော်တို့အဖွဲ့က ဦးစားပေးပြီး ရေကားနဲ့ လိုက်ပြီး ဝေငှပေးနေတာမျိုးတော့ ပြုလုပ်ပေးနေတယ်” ဟု ပရဟိတအဖွဲ့ တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြိတ်မြို့ပေါ်ရှိရပ်ကွက်များတွင် နွေရာသီရောက်တိုင်း နှစ်စဉ်ရေပြတ်လပ်လေ့ရှိပြီး အလှူရှင်များနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့က ရေကားများဖြင့် လိုက်ဝေငှပေးလေ့ရှိကြောင်း မြို့ခံများက ဆိုသည်။

ယင်းအပြင် ယခုရက်ပိုင်းအတွင်း ကော့သောင်းမြို့နယ်ရှိ ရပ်ကွက်အချို့တွင်လည်း သောက်သုံးရေ ပြတ်လပ်မှုများနှင့် ကြုံနေရကြောင်း မြို့ခံများက ပြောသည်။

စာတည်း။   ။ နောင်နောင်
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly