တိုက်ပွဲကြောင့် ခေတ္တပိတ်ထားသော မြဝတီ- မဲဆောက် တံတား ပြန်လည်ဖွင့်လှစ် 

By မောင်ခက်နွေ (မဇ္ဈိမ)
25 March 2023
တိုက်ပွဲကြောင့် ခေတ္တပိတ်ထားသော မြဝတီ- မဲဆောက် တံတား ပြန်လည်ဖွင့်လှစ် 

ထိုင်း- မြန်မာနယ်စပ်ရှိ ကရင်ပြည်နယ်၊ မြဝတီမြို့ ကုန်သွယ်ရေးဇုန်နှင့် အာရှလမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားနေ၍ မြဝတီ-မဲဆောက် အမှတ် (၁) တံတားကို ယနေ့ မတ်လ ၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် ခေတ္တ ပိတ်ထားခဲ့သော်လည်း မွန်းလွဲ ၁ နာရီ အချိန်မှ စ၍ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။ 

ထိုင်းနိုင်ငံ မဲဆောက်ဘက်ခြမ်းရှိ အမှတ် (၁) တံတားထိပ်တွင် လုံခြုံရေး ယူထားသော ထိုင်းရဲအချို့ကို တွေ့ရပြီး မဲဆောက်မြို့မှ မြဝတီမြို့သို့ အမှတ် (၁) တံတားပေါ်မှ ဖြတ်သန်းသွားလာသူများကို မွန်းလွဲပိုင်းတွင် မြင်တွေ့ရသည်။ 

“မနက်ကပဲ၊ ခဏပိတ်ပြီး ထိုင်းရဲတွေရော နယ်စပ်စစ်တပ်တွေရော ရှုပ်နေတာ၊ အခုတော့ ပုံမှန်တိုင်းဖြစ်နေပြီ၊ မနက်ကတော့ လေယာဉ်ဝဲနေတာတွေ တွေ့ရတယ်၊ မြဝတီဘက်က ပစ်သံတွေဆို အတိုင်းသား ကြားရတယ်” ဟု အမှတ် (၁) တံတားအနီး နေထိုင်သူတစ်ဦးက မဇ္ဈိမကို ပြောသည်။ 

ယနေ့ နံနက်ပိုင်းတွင် မြဝတီဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်သံများ ကြားရသော်လည်း မွန်းလွဲပိုင်းတွင် ပစ်ခတ်သံများ ငြိမ်သက်နေကြောင်းလည်း အမှတ် (၁) တံတားအနီးတွင် နေထိုင်သူများက ပြောသည်။ 

ကရင်ပြည်နယ်၊ မြဝတီမြို့ ၊ နယ်စပ်ကုန်သွယ်ရေးဇုန်နှင့် သင်္ဃန်းညီနောင်ရဲစခန်းကို ယနေ့ မတ်လ၂၅ ရက် နံနက် ၅ နာရီဝန်းကျင်မှ စတင်ပြီး ကရင်တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က စီးနင်းတိုက်ခိုက်ခဲ့ရာ နှစ်ဘက်တိုက်ပွဲများ ပြင်းထန်ခဲ့သည်။ 

ယင်းအပြင် မြဝတီ-ကော့ကရိတ်မြို့ အာရှကားလမ်းမကြီး နေရာအချို့တွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေပြီး အာရှကားလမ်းမကြီး လမ်းပိုင်းနေရာအချို့ ပျက်စီးကာ ခရီးသည်တင်ကားများနှင့် ကုန်ကားများ ရှေ့ဆက်သွားမရဘဲ ရပ်တန့်ထားရကြောင်း သိရသည်။ 

တိုက်ပွဲဖြစ်ပွားခြင်းကြောင့် သင်္ဃန်းညီနောင်ရဲစခန်း၊ ကုန်သွယ်ရေးဇုန်အတွင်းရှိ အကောက်ခွန်ရုံးနှင့် စီးပွား‌ကူးသန်းရေးရုံးတို့ မီးလောင်ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။ 

မြဝတီမြို့သည် ထိုင်း- မြန်မာ နှစ်နိုင်ငံ ကုန်သွယ်နေသော နယ်စပ်ကုန်သွယ်ရေးမြို့ ဖြစ်ပြီး Covid -19 ကပ်ဘေးနှင့် စစ်အာဏာသိမ်းမှုကြောင့် နှစ်နှစ်ကျော်ကြာ ပိတ်ထားခဲ့ရသည့် မြဝတီ- မဲဆောက် အမှတ် (၁) ချစ်ကြည်ရေးတံတားကို ၂၀၂၃ ခုနှစ် ဇန်ဝါရီလ ၁၂ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ 

စာတည်း။  ။ နောင်နောင်
စာမူတည်းဖြတ်။   ။သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly