မြင်းမူမြို့ စီးပွာရေးဘဏ်စောင့်စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဖြင့် တိုက်ခိုက် 

By ကိုခင်မောင် (မဇ္ဈိမ)
25 March 2023
မြင်းမူမြို့ စီးပွာရေးဘဏ်စောင့်စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဖြင့် တိုက်ခိုက် 

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့၊ မြန်မာ့စီးပွားရေးဘဏ် ဒုတိယအထပ်မှ စစ်ကောင်စီတပ်သားများကို မိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သေဆုံးဒဏ်ရာရသူများရှိနိုင်ကြောင်း True Fighter မြို့ပြပြောက်ကျားအဖွဲ့က သတင်းထုတ်ပြန်သည်။ 

ယမန်နေ့ မတ်လ ၂၄ရက် ည၁၀နာရီ ၅၀မိနစ်ခန့်က မြင်းမူမြို့၊စီးပွားရေးဘဏ်တွင် ဘန်ကာဖြင့်ကင်းပုန်းဝပ်နေသော  စစ်ကောင်စီတပ်သားများ အုပ်စုလိုက်ဝိုင်းဖွဲ့ဖုန်းသုံးနေစဉ် ဘဏ်ရှေ့တည့်တည့်မှနေ၍  မ်ိုင်းတလုံး ပစ်သွင်းတိုက်ခိုက်ခဲ့ခြင်းဟု True Fighter မြို့ပြပြောက်ကျားအဖွဲ့မှ ကိုပျံလွားက မဇ္ဈိမသို့ပြောသည်။ 

လျက်ဆားပုလင်းဟုခေါ်သည့် လက်ပစ်မိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းဟု ၎င်းက ဆိုသည်။ 

ကိုပျံလွားက“ပစ်တဲ့အချိန် စခ(စစ်ကောင်စီတပ်သားများ)တွေ ခြောက်ကောင်လောက်ရှိနေတဲ့နားကိုကျတယ်ဗျ။ ကျွန်တော်တို့ ဆုတ်ခွာတဲ့အချိန် သူတို့ဘက်က အချက်၃၀ခန့် ပြန်လည်ပစ်ခတ်တယ်ဗျ။ သူတို့အဲ့လောက် ကျည်ဖြုန်းပုံအရ သူတို့ဘက်က အထိခိုက်အရမ်းများနိုင်တယ်ဗျ။ ထိခိုက်သေဆုံးမှုကိုတော့ စုံစမ်းနေဆဲပါဗျ” ဟုပြောသည်။ 

လက်ပစ်မိုင်းဖြင့် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားများက မြင်းမူမြို့မြို့ရှောင်လမ်းဘက်အထိ မွှေနှောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။ 

အဆိုပါတိုက်ခိုက်မှုကို True Fighter မြို့ပြပြောက်ကျားတပ်ဖွဲ့နှင့်  ညီနောင်မဟာမိတ်ဖြစ်သော  PENTAGRAM အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်များထိခိုက်မှုမရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သတင်းရရှိသည်။ 

“ရဲဘော်တွေအထိခိုက်မရှိ ဆုတ်ခွာနိုင်ပါတယ်ဗျ။ လျက်ဆားပုလင်းက အားပြင်းတဲ့သဘောဆိုတော့ တလုံးဆို လုံလောက်ပါတယ်ဗျ။ ကျွန်တော်တို့က လက်ပစ်မိုင်းကိုအဓိကထားတဲ့အတွက် ပစ်ပြီး တန်းဆုတ်လာတာဗျ" ကိုပျံလွှားက ရှင်းပြသည်။ 

True Fighter မြို့ပြပြောက်ကျားတပ်ဖွဲ့အနေဖြင့် စစ်ကောင်စီအား တိုက်ခိုက်ရေးကို အရှိန်အဟုန်မြှင့် လုပ်ဆောင်မည်ဟု အသိပေးသည်။ ထို့အပြင် လက်နက်ခဲယမ်းဝယ်ယူရန်အတွက် ၎င်းတို့အဖွဲ့၏ ကံစမ်းမဲအစီစဉ်ကိုလည်း အားဖြည့်ကူညီပေးကြရန်  မေတ္တာရပ်ခံသည်။ 

ပြီးခဲ့သည့် ဖေဖော်ဝါရီလကလည်း  မြင်းမူမြို့၊မြန်မာ့စီးပွားရေးဘဏ်မှ စစ်ကောင်စီတပ်သားများကို People's Army To Fight Dictatorship(PAFD)အဖွဲ့နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များက လက်နက်ငယ်များဖြင့် အလစ်အငိုက်ဝင်ရောက် တိုက်ခိုက်ခဲ့သေးသည်။ 

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required