မုံရွာ-ပုသိမ် လမ်းခွဲရှိ အောင်ဇေယျတပ်ကုန်းကို ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက် 

By လွှမ်းမိုး မဇ္ဈိမ
25 March 2023
မုံရွာ-ပုသိမ် လမ်းခွဲရှိ အောင်ဇေယျတပ်ကုန်းကို ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက် 

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ တစ်ဖက်ကမ်း ၊ မုံရွာ- ပုသိမ် လမ်းခွဲ အနီးရှိ အောင်ဇေယျတပ်ကုန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ယမန်နေ့ မတ်လ ၂၄ ရက် နေ့လယ်၂ နာရီ အချိန်တွင် တာဝေးပစ် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Fighter Brotherhood Guerilla Army (FBGA)တပ်ဖွဲ့ထံမှ သိရသည်။ 

အဆိုပါ တိုက်ခိုက်မှုတွင် အောင်ဇေယျကုန်းရှိ အဆောက်အဦများ ပျက်စီးမှုများစွာရှိခဲ့ပြီး ၊ စစ်ကောင်စီတပ်ဖွဲ့ဘက်မှ  သေဆုံးမှု ရှိမရှိကို မသိရှိရသေးကြောင်း F.B.G.A တပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။ 

“အခု တိုက်ခိုက်မှုမှာတော့ ၆၀ မမ၊ ၈၀ မမ ၊ ၁၂၀ မမ စတဲ့ တာဝေးပစ် လက်နက်ကြီးတွေနဲ့ အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ရန်သူ့ အဆောက်အအုံတွေ ပျက်စီးခဲ့တယ်။ စစ်သား အထိအခိုက်ရှိနိုင်ပေမဲ့ အသေးစိတ်ကို မသိရှိရသေးပါဘူး” ဟု ၎င်းက ဆိုသည်။ 

အဆိုပါဖြစ်စဉ်နှင့် တစ်ချိန်တည်းတွင် ဆားလင်းကြီး မြို့ပေါ် ရဲစခန်းကို တာဝေးပစ် လက်နက်ကြီး အလုံး ၃၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရန်သူ့ အဆောက်အအုံများ ပျက်စီးခဲ့ကာ ထိခိုက်သေဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း ယင်းမာပင်- ဆားလင်းကြီး လက်နက်ကြီး မဟာမိတ်တပ်ပေါင်းစုမှ တာဝန်ရှိသူ ဗိုလ်စံဖဲက မဇ္ဈိမကိုပြောသည်။ 

အဆိုပါ တိုက်ခိုက်မှုကို BED ငညို ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Salingyi Border Task Force၊ နယ်စည်းမခြား ဇာမဏီ ပြောက်ကျားတပ်ဖွဲ့ ၊မဲမှောင်‌ ပြောက်ကျားတပ်ဖွဲ့ ၊ ယက္ခညီနောင်ပြောက်ကျားတပ်ဖွဲ့၊ ရိုးမရာဇာ(ရောင်နီဦးတပ်စု) ၊Monywa Inventor ၊Yinmarbin Fighter Brotherhood Guerrilla Army ၊တောသားကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊Eagle Defence Force၊Arlarwakaပြည်သူ့ကာကွယ်ရေးတပ် ၊စွန်ရဲပြည်သူ့ကာကွယ်ရေးတပ်၊ချင်းတွင်းညီနောင် ပြောက်ကျားတပ်ဖွဲ့ ၊Federal Democratic Revolution Force ၊သေမင်းတမန် ပြည်သူ့ကာကွယ်ရေးတပ် ၊Brother Defence Force၊ပြည်သူအားလုံးရဲ့ PK ၊ရွှေညီကို အဖွဲ့၊ တောင်ပံနီ အထူး ပြောက်ကျားတပ်ဖွဲ့၊ ချင်းတွင်း ဒိုင်းနမိုက်၊ Salingyi People Defence Force၊ Golden Star Force တို့ပါဝင်သည့် ယင်းမာပင်- ဆားလင်းကြီး လက်နက်ကြီး မဟာမိတ် တပ်ပေါင်းစုဝင်များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။     ။သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required