ဝက်လက်မြို့ပေါ်တွင် ကင်းပုန်းဝပ်နေသည့် ပျူစောထီးများကို ဒရုန်းဖြင့်တိုက်ခိုက်ရာ သေဆုံးမှုရှိဟုဆို

By MTO (မဇ္ဈိမ)
24 March 2023
ဝက်လက်မြို့ပေါ်တွင် ကင်းပုန်းဝပ်နေသည့် ပျူစောထီးများကို ဒရုန်းဖြင့်တိုက်ခိုက်ရာ သေဆုံးမှုရှိဟုဆို

မကွေးတိုင်း၊ ဝက်လက်မြို့ မီးသတ်ရုံးအနီးတွင် ကင်းပုန်းဝပ်နေသည့် ပျူစောထီးအဖွဲ့ဝင်များကို မတ်လ ၂၃ ရက်နေ့တွင် ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံသွားပြီး နှစ်ဦးဒဏ်ရာရရှိသွားကြောင်း Eagle Guerrilla Force အဖွဲ့ မှ ထုတ်ပြန်ကြေညာထားသည်။

ဒရုန်းဖြင့်တိုက်ခိုက်မှုအတွင်း ဇင်မျိုး ခေါ် လိပ်ပုကို သုတ်သင်နိုင်ခဲ့ပြီး နောက်ထပ် နှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဖော်ပြထားသည်။

“ဝက်လက် မြို့မမီးသတ်ရုံးထဲ ကင်းဝပ်နေတဲ့ အချိန်မှ ချခဲ့တာပါ ၊ မနေ့က မနက် ၉နာရီခွဲလောက်မှာ ဒရုန်း နှစ်စီးနဲ့ တိုက်ခိုက်ခဲ့တာပါ” ဟု Eagle Guerrilla Force အဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဝက်လက်မြို့ပေါ်တွင်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ၊ ရဲတပ်ဖွဲ့ဝင်များ နှင့် ပျူစောထီးများသည် ခရီးသွားပြည်သူများ နှင့် မြို့ပေါ်လာ စျေးဝယ်သည့် ပြည်သူများကို မကြာခဏစစ်ဆေးခြင်းများ ပြုလုပ်လေ့ရှိကြောင်း Eagle Guerrilla Force အဖွဲ့က တာဝန်ရှိသူတစ်ဦးက ဆိုသည်။

၎င်းက “ဝက်လက်မှာ စစ်သား၊ ပျူ ၊ ရဲတွေ ရှိပါတယ်။ မြို့အပြင်ကိုတော့ သူတို့ မထွက်ရဲကြဘူး၊ မြို့ပေါ်ကို စျေးဝယ်တက်တဲ့ ပြည်သူတွေကို အနိုင်ကျင့် ဗိုလ်ကျနေတာတွေရှိတယ်” ဟုပြောသည်။

Eagle Guerrilla Force အဖွဲ့သည် ဝက်လက်မြို့နယ်တွင် အခြေစိုက်ထားပြီး ဒရုန်းဗုံးသီးများကို ကိုယ်တိုင် ထုတ်လုပ်ကာ စစ်ကောင်စီတပ်ဖွဲ့ ကို တော်လှန်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ထုတ်လုပ်မှုများ ဆက်လက်လုပ်ဆောင်နိုင်ရေးအတွက် အကူအညီအထောက်အပံ့များပေးဖို့ အတွက်ကိုလည်း တောင်းဆိုထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ဝက်လက်မြို့နယ်

#စစ်ကောင်စီတပ်ဖွဲ့

#မီးသတ်ရုံး

#ပျူစောထီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly