မြောင်တွင် စစ်ကောင်စီတပ်၏ ဘီလူးစစ်ကြောင်းနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲများပြင်းထန်ပြီး စစ်ကောင်စီတပ် အထိနာ

By MTO (မဇ္ဈိမ)
24 March 2023
မြောင်တွင် စစ်ကောင်စီတပ်၏ ဘီလူးစစ်ကြောင်းနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲများပြင်းထန်ပြီး စစ်ကောင်စီတပ် အထိနာ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်း စစ်ကောင်စီတပ်၏ တပ်မ (၉၉) ဘီလူးစစ်ကြောင်းနှင့် ဒေသကာကွယ် ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်တွင် ထိခိုက်သေဆုံးမှုများနေကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ထံမှ သိရသည်။

မတ်လ ၁၃ ရက်နေ့ မှစ၍ မြောင်မြို့နယ်အတွင်းသို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေတပ်ဖွဲ့များအကြား ယနေ့ မတ်လ ၂၄ ရက်နေ့အထိ တိုက်ပွဲများဆက်တိုက် ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က ၄၀ ဦးထက်မနည်းသေဆုံးထားကြောင်း CDSOM အဖွဲ့ မှ ခေါင်းဆောင် ကိုနွေဦး(မြောင်) က ပြောသည်။

၎င်းက “ စဝင်လာတဲ့ ၁၃ ရက်နေ့ကနေ ဒီနေ့ မတ်လ ၂၄ ရက်နေ့အထိတိုက်ပွဲတွေဖြစ်နေတယ်၊ ခုနကတင် တစ်ပွဲပြီးသွားတာ။ သူတို့ဘက်က ၁၅ ရက်နေ့ မှာ ရှစ်ယောက်သေတယ် ။ ၁၆ ရက်နေ့မှာ ကိုးယောက်သေတယ်၊၂၁ရက်နေ့ မှာ ကိုးယောက်သေတယ်၊ ဒီကနေ့ တိုက်ပွဲမှာ လေးယောက်သေတယ်” ဟု ပြောသည်။

တိုက်ပွဲများအတွင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ ဝင် နှစ်ဦး ၊ ပြည်သူ သုံးဦးသတ်ဖြတ်ခံခဲ့ရပြီး နောက်ထပ် ကာကွယ်ရေးတပ်ဖွဲ့ ဝင် နှစ်ဦး လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ကိုနွေဦးက ဆိုသည်။

စစ်ကောင်စီတပ်၏တပ်မ (၉၉) စစ်ကြောင်းသည် မြောင်နယ်အတွင်းက PDF စခန်းများကို ရှာဖွေစီးနင်းခြင်းများပြုလုပ်နေပြီး ယင်းစစ်ကြောင်းနှင့် ထိပ်တိုက်တွေ့သည့် မည့်သူ့ကိုမဆိုသတ်ဖြတ်သွားကြောင်းကို နွေဦးက ဆိုသည်။

“’ဒီစစ်ကြောင်းက အစုံလုပ်တယ်၊ အဓိကတော့ ရွာတွေကိုရောက်ရင် PDFစခန်းတွေကိုရှာတယ်၊ တွေ့ ရင် သတ်တယ်။ PDF စခန်းလို့ ထင်တဲ့ နေရာတွေကို မီးရှို့တယ်၊ ရွာတွေကိုမီးရှို့တာတော့မရှိဘူး၊ သူတို့ နဲ့တွေ့ သမျှ အကုန်သတ်တာပဲ” ဟု ကိုနွေဦးက ပြောသည်။

ယင်းစစ်ကြောင်းသည် အင်အား ၁၅၀ ကျော်ဖြင့် မြောင်မြို့နယ်သို့ ဝင်ရောက်လာခြင်းဖြစ်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ များ၏တိုက်ခိုက်မှုကြောင့် အင်အား ၆၀ ကျော်လောက်သာ ကျန်ရှိနေပြီး ယနေ့ မတ်လ ၂၄ ရက်နေ့ တွင် မြောင်နှင့် မြင်းမူ အစပ်ရှိ လက်ယက်မ ကျေးရွာသို့ ရောက်ရှိနေကြောင်းသိရသည်။

ယင်းစစ်ကြောင်း မြောင်မြို့နယ် ထဲသို့ စတင်ဝင်ရောက်လာသည့်အချိန်မှစ၍ ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ကြောင်းကို မြောင်နယ်ထဲက ထွက်သွားစေရန် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ကိုနွေဦးက ပြောသည်။

၎င်းက “သူတို့ မြောင်နယ်ထဲစဝင်ကတည်းက တစ်ရက်ကို ခုနစ်ရွာ ရှစ်ရွာလောက်ပြေးရတယ်၊ ညညဆို ပြည်သူတွေလည်း မအိပ်ရဲကြဘူး၊ အခုဆို သောင်းကျော်နေပြီ၊ ပြည်သူတွေကလည်း တအားကြောက်တယ်၊ ဒီစစ်ကြောင်းကိုလည်း ချေမှုန်းစေချင်တယ်၊ ကျတော်တို့လည်း စပြီးဝင်ကတည်းက တောက်လျှောက်တိုက်နေတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်၏ တပ်မ (၉၉) ဘီလူးစစ်ကြောင်းကို မြောင်မြို့နယ်အတွင်းရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့များအားလုံးက ပူးပေါင်းတိုက်ခိုက်နေပြီး တိုက်ပွဲရက်ရှည်လာသည်နှင့်အမျှ လက်နက်ခဲယမ်းလိုအပ်ချက်များရှိလာနေသည့်အတွက် လက်နက်ခဲယမ်းများ ပံ့ပိုးပေးဖို့အတွက်ကိုလည်း ကိုနွေဦးက တောင်းဆို သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#မြောင်မြို့နယ်

#စစ်ကောင်စီတပ်

#တပ်မ၉၉

#ဘီလူးစစ်ကြောင်း

#ဒေသကာကွယ်ရေးတပ်ဖွဲ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly