စိုက်ပျိုးစရိတ်ချေးငွေများပြန်မဆပ်လျှင် လယ်သိမ်းကာ လေလံပစ်မည်ဟု စစ်ကောင်စီခြိမ်းခြောက် 

By ရွှေနွယ်( မဇ္ဈိမ )
24 March 2023
စိုက်ပျိုးစရိတ်ချေးငွေများပြန်မဆပ်လျှင် လယ်သိမ်းကာ လေလံပစ်မည်ဟု စစ်ကောင်စီခြိမ်းခြောက် 

ပဲခူးတိုင်းအနောက်ခြမ်း ရွှေတောင်မြို့နယ်တွင် စိုက်ပျိုးစရိတ်ချေးငွေပြန်မဆပ်ရသေးသည့် တောင်သူများအနေဖြင့် ယခုလ ၂၉ ရက်နေ့နောက်ဆုံးထားပြန်ဆပ်ပါရန်နှင့် ပြန်မဆပ်ပါက လယ်ယာများကိုသိမ်းဆည်းကာ လေလံပစ်ရောင်းချမည်ဟု စိုက်ဘဏ်ဝန်ထမ်းများမှ စစ်ကောင်စီတပ်သားများခေါ်လာကာ လာရောက်ခြိမ်းခြောက်သွားသည်ဟု တောင်သူများမှ မဇ္ဈိမကိုပြောသည်။ 

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း ကျေးရွာအုပ်စု တစ်စုလျင်  တောင်သူလယ်သမား ၁၀ ဦးနှုန်းဖြင့် မြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ခေါ်ယူတွေ့ဆုံကာ စိုက်ပျိုးစရိတ်ချေးငွေများပြန်ဆပ်ရန် ပြောဆိုခဲ့ပြီး၊ ယခုလအတွင်းတွင်မူ ကျေးရွာများအထိ စိုက်ပျိုးရေးဘဏ်ဝန်ထမ်းများ၊ ထွေအုပ်ရုံးဝန်ထမ်းများမှ စစ်ကောင်စီတပ်သားများနှင့်အတူ လာရောက်ခြိမ်းခြောက်သွားခြင်းဖြစ်သည်ဟု ဒေသခံတောင်သူများမှ ဆိုသည်။ 

“ဒီလ ၂၉ ရက်နေ့ နောက်ဆုံးထားဆပ်ပါတဲ့၊ မဆပ်ရင် လယ်တွေကိုသိမ်းပြီး လေလံပစ်မယ်လို့ခြိမ်းခြောက်သွားပါတယ်၊ ပြီးတော့ ဒီလထဲမှာ(မတ်လအတွင်း) ပြန်ဆပ်ပြီးရင် ခြောက်လပိုင်းမှာ ချေးငွေထပ်ထုတ်ပေးမယ်ပြောတယ်၊  စိုက်ပျိုးစရိတ်တွေကလည်း အရမ်းတက်နေတဲ့အတွက် ဒီနှစ်ပိုင်းတွေမှာ အခက်အခဲတွေလည်းရှိကြတာနဲ့ ပြန်မဆပ်လိုကြဖူးပေါ့ဗျာ” ဟု တောင်သူတစ်ဦးမှ မဇ္ဈိမကိုပြောသည်။ 

အဆိုပါ စိုက်ပျိုးရေးဘဏ်ဝန်ထမ်းများနှင့် ထွေအုပ်ဝန်ထမ်းများမှ ၎င်းတို့ကျေးရွာများသို့ဆင်းမည့်အချိန်တွင် ၎င်းတို့နှင့်အတူ အချုပ်ကားပါခေါ်သွားရန် ရဲစခန်းမှပြောသော်လည်း ၎င်းတို့အနေဖြင့် တောင်သူများအား ယခုတစ်ကြိမ်နောက်ဆုံးအခွင့်အရေးပေးလိုသဖြင့် ခေါ်မလာခြင်းဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့်လည်း အပေါ်မှဖိအားများရှိနေသဖြင့် လုပ်ဆောင်ရတာဖြစ်ကြောင်း ယခုကဲ့သို့မလုပ်ဆောင်ပါက နယ်ပြောင်းရွှေ့ခံရမည်ဖြစ်ကြောင်းများပါ ပြောဆိုသွားခဲ့သည်ဟု ဒေသခံတောင်သူများ၏ပြောဆိုချက်အရ သိရသည်။ 

ပြီးခဲ့သည့် ၂၀၂၁ နှင့် ၂၀၂၂ ခုနှစ်အတွင်းတွင် စိုက်ဘဏ်မှ လယ်သမားများထံသို့ သတိပေးစာ သုံးကြိမ်ပို့ခဲ့ပြီး ပထမနှစ်ကြိမ်တွင် ချေးငွေပြန်ဆပ်ရန်သာ ပြောခဲ့သော်လည်း နောက်ဆုံးတတိယအကြိမ်မြောက်တွင်မူ ပြန်မဆပ်ပါက လယ်သိမ်းမည်ဖြစ်ကြောင်းပါ ခြိမ်းခြောက်စာ ရေးသားပေးပို့လာခြင်းဖြစ်သည်ဟု သိရသည်။ 

"ကျွန်တော်တို့လယ်သမားတွေအနေနဲ့ကလည်းဗျာ ဒီနှစ်မိုးခေါင်တယ် စပါးမထွက်ဘူး၊ မထွက်တော့ စပါးရောင်းစရာမရှိဘူး၊ စိုက်ပျိုးစရိတ်ဆိုတာကလည်း အရင်ကထက် အဆပေါင်းများစွာတက်နေတာ၊ မြေသြဇာများများမကျွေးနိုင်လို့ အထွက်ကလည်းနည်းတာတွေရှိတယ်၊ ဆိုတော့ ခြောက်လပိုင်းပြန်ချေးမယ်ဆိုလည်းဗျာ ကျွန်တော်တို့ဆီကတောင်းမနေပါနဲ့ အတိုးပေးပါမယ်ပြောတာကျလည်း လက်မခံဘူး” ဟု တောင်သူတစ်ဦးမှ ပြောသည်။ 

ယခုရက်ပိုင်းအတွင်းတွင် တစ်ရွာဝင်တစ်ရွာထွက် မရပ်မနားကွင်းဆင်းကာ ဖိအားပေးတောင်းရမ်းနေကြောင်းသိရသည်။ 

ရွှေတောင်မြို့နယ်တွင်သာမကဘဲ ပဲခူးတိုင်းအနောက်ခြမ်းရှိ အခြားမြို့နယ်များဖြစ်သော အုတ်ဖို့မြို့နယ်နှင့် ကြို့ပင်ကောက်မြို့နယ်အပါအဝင် ကျန်မြို့နယ်အသီးသီးတွင်လည်း ယခုကဲ့သို့ ဖိအားပေးခြိမ်းခြောက်ကာ ချေးငွေပြန်ဆပ်ရန် တောင်းရမ်းနေကြောင်း ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။ 

ယခုစစ်ကောင်စီမှ ပြန်ဆပ်ရန်တောင်းယူနေသော စိုက်ပျိုးစရိတ်ချေးငွေသည် စစ်အာဏာမသိမ်းမီ NLD အစိုးရလက်ထပ်က လယ်တစ်ဧကလျှင် ကျပ် ၁၅၀,၀၀၀ နှုန်းဖြင့် ငွေ ၁၀၀ ကျပ်ကို အတိုးပြား ၈၀ သာပေးရမည့်သတ်မှတ်ချက်ဖြင့် ထုတ်ပေးခဲ့သည့်ချေးငွေအား ပြန်လည်တောင်းရမ်းနေခြင်း ဖြစ်သည်။ 

စစ်ကောင်စီမှ  အာဏာသိမ်းပြီးနောက်ပိုင်းတွင် အဆိုပါစိုက်ပျိုးစရိတ်ချေးငွေများအား အကြမ်းဖက် အားပေးမဖြစ်ရလေအောင် ပြန်လည်ပေးဆပ်ရန် ရပ်ဆိုင်းကြောင်း NUGအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဝန်ကြီး  ဦးတင်ထွန်းနိုင်မှ လက်မှတ်ထိုးထုတ်ပြန်ထားသည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required