စပိန်တွင် နိုင်ငံတကာမှကျောင်းသားများလိုက်ပါလာသော ဘက်စ်ကားမှောက်ပြီး ၁၃ ဦးသေဆုံး

စပိန်တွင် နိုင်ငံတကာမှကျောင်းသားများလိုက်ပါလာသော ဘက်စ်ကားမှောက်ပြီး ၁၃ ဦးသေဆုံး

ဘာစီလိုနာ၊မတ်၊ ၂၁ ။          ။ စပိန်နိုင်ငံတွင် နိုင်ငံတကာမှ ကျောင်းသားများလိုက်ပါစီးနင်းလာသော ဘက်စ်ကားတစ်စီးတိမ်းမှောက်ကာ ၁၃ ဦးသေဆုံးသွားခဲ့သည်။

ဘာစီလိုနာ နှင့် ဗလင်စီယာမြို့ကြားရှိ လမ်းပေါ်တွင်တိမ်းမှောက်ခဲ့သော ယင်းဘက်စ်ကားပေါ်တွင် လိုက်ပါသွားသူ ၅၇ ဦးအနက် အများစုမှာ ဥရောပသမဂ္ဂနိုင်ငံများကြားကျောင်းသားဖလှယ်ရေးအစီအစဉ်တစ်ရပ်ဖြစ်သည့် Erasmus အစီအစဉ်အရ စပိန်နိုင်ငံသို့လာရောက်ပညာသင်ယူနေသော ကျောင်းသားများသည်။

အဆိုပါကျောင်းသားများသည် မီးပန်းပွဲတော်တစ်ခုသို့သွားရောက်ပြီး ဘာစီလိုနာသို့ပြန်အလာတွင် ယခုကဲ့သို့ ယာဉ်မတော်တဆမှုနှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။

ဘက်စ်ကားတိမ်းမှောက်မှုအတွင်း သေဆုံးသွားခဲ့သည့် ၁၃ ဦးလုံးမှာ မိန်းကလေးများဖြစ်ကြပြီး မည်သည့်နိုင်ငံများမှ ကျောင်းသူများဖြစ်သည်ကိုမူ စပိန်အစိုးရက ထုတ်ပြန်ခြင်းမရှိသေးချေ။

တိမ်းမှောက်ခဲ့သည့် ဘက်စ်ကားပေါ်တွင် ဗြိတိန်၊ဟန်ဂေရီ၊ ဂျာမနီ၊ ဆွီဒင်၊ နော်ဝေ၊ ဆွစ်ဇာလန်၊ ချက်ဇ်၊ နယူးဇီလန်၊ အီတလီ၊ ပီရူး၊ ဘူလ်ဂေးရီးယား၊ ပိုလန်၊ အိုင်ယာလန် တို့မှကျောင်းသားများအပြင် ပါလက်စတိုင်းဒေသ၊ ဂျပန်၊ ယူကရိန်း နှင့် ပြည်တွင်းမှ ကျောင်းသားများလည်းလိုက်ပါခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

ဘက်စ်ကားသည် လမ်းညာဘက်ရှိ အကာအရံကို ဝင်တိုက်မိခဲ့ပြီးနောက်တွင် ဘယ်ဘက်သို့ ယိမ်းထိုးသွားခဲ့ကာ တစ်ဖက်မှာလာသည့် ယာဉ်တစ်စီးနှင့်လည်းတိုက်မိခဲ့သေးရာ အဆိုပါယာဉ်ပေါ်တွင်လိုက်ပါလာသူ နှစ်ဦးလည်း ဒဏ်ရာရရှိသွားခဲ့သည်။

ဘက်စ်ကားဒရိုင်ဘာမှာ ယာဉ်တိုက်မှုမှ အသက်ရှင်လျက်လွတ်မြောက်ခဲ့ပြီး နောက်ပိုင်းစစ်ဆေးမှုများအရ အရက်သေစာ နှင့် မူးယစ်ဆေးဝါးသုံးစွဲထားခြင်းမရှိသည်ကို တွေ့ရှိထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly