စစ်ကောင်စီတပ်၏ ပိန္နဲတောစခန်းကို သထုံ- PDF ဒရုန်းဖြင့် တိုက်ခိုက် 

By YT မဇ္ဈိမ
23 March 2023
စစ်ကောင်စီတပ်၏ ပိန္နဲတောစခန်းကို သထုံ- PDF ဒရုန်းဖြင့် တိုက်ခိုက် 

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ပိန္နဲတော စစ်ကောင်စီတပ်စခန်းအား ယမန်နေ့ မတ်လ ၂၂ ရက်နေ့တွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Thaton People Defense Force- TPDF တာဝန်ရှိသူထံမှ သိရသည်။ 

သထုံမြို့နယ်၊ သိမ်ဆိပ်ကျေးရွာ-လေကေကျေးရွာ ကားလမ်းမဘေး၊ ပိန္နဲတော ကျေးရွာရှိ ပိန္နဲတော စစ်တပ်စခန်းသည် မတ်လ ၂၂ ရက်နေ့၊ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် KNLA၊ PDF၊ TPDF ပူးပေါင်းတပ်ဖွဲ့၏ ဒရုန်းဖြင့် တိုက်ခိုက်မှုကို ခံခဲ့ရခြင်း ဖြစ်သည်။ 

ဗုံးသီး ခြောက်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုကို အတည်ပြုနေဆဲဖြစ်ကြောင်း TPDF ၏ တာဝန်ရှိသူက ပြောသည်။

" ပိန္နဲတော စခန်းကတော့ ပြန်မပစ်ပါဘူးခင်ဗျ။ ပိန္နဲတောစခန်းနားမှာရှိတဲ့ အဖွဲ့တစ်ခုကတော့ ၁၀ မိနစ်လောက် လက်နက်ငယ်နဲ့ ပြန်ပစ်ပါတယ်" ဟု TPDF ၏ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။ 

တိုက်ပွဲအတွင်း ပိန္နဲတောစစ်ကောင်စီတပ်စခန်း အနီးရှိ လက်အောက်ခံ တပ်ဖွဲ့တစ်ခုမှ ပြန်လည်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သော်လည်း TPDF တပ်ဖွဲ့ဝင်များ ထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။ 

လက်ရှိ တိုက်ပွဲများ ဖော်ဆောင်ရာတွင် တပ်ဖွဲ့ဝင်များ အထိအခိုက် အနည်းဆုံးဖြစ်သော ဒရုန်းစစ်ဆင်ရေးကို အဓိက လုပ်ဆောင်နေပြီး ယင်းသည် စစ်ကောင်စီတပ်ကိုလည်း စစ်ရေးအရ ခြိမ်းခြောက်ထားနိုင်ကြောင်း TPDF တာဝန်ရှိသူက ဆက်ပြောသည်။ 

"ဒရုန်းမစ်ရှင်တွေပြုလုပ်တဲ့အခါကျတော့ ကျွန်တော်တို့ရဲဘော်တွေလည်း အထိအခိုက် နည်းပါတယ်၊ ကျွန်တော်တို့က ပစ္စည်းတန်ဖိုးထက် လူ့အသက် တန်ဖိုးကို ပိုပြီးတော့ အလေးထားပါတယ်။ စစ်ကောင်စီ အနေနဲ့လည်း ဘယ်အချိန် ဘယ်နေရာကန ဗုံးသီးကျလာမလဲ မသိရတော့ သူတို့ကိုလည်း စစ်ရေးအရ ခြိမ်းခြောက်ထားနိုင်ပါတယ် " ဟု ပြောသည်။ 

TPDF ၏ အဓိက စစ်ရေးပစ်မှတ်များသည် စစ်တပ်စခန်းများ၊ ရဲစခန်းများဖြစ်သဖြင့် တပ်စခန်းအတွင်းတွင် ရှိကြသော စစ်တပ်၏ မိသားစုဝင်များအနေဖြင့် အထိအခိုက် မခံရစေရန် တပ်တွင်း၌ မနေရန် လိုအပ်ကြောင်း၊ ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီတပ်နှင့် ဝေးဝေးတွင် နေသင့်ကြောင်း TPDF တာဝန်ရှိသူက တိုက်တွန်းသည်။ 

တပ်မဟာ (၁) သထုံခရိုင်တွင် ဒေသအခြေစိုက် တော်လှန်ရေးအင်အားစု အဖွဲ့ပေါင်း ၂၅ ဖွဲ့ သည် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့တွင် " KNU သထုံခရိုင် တပ်မဟာ (၁) မိတ်ဖက်တော်လှန်ရေး တပ်ပေါင်းစု" အဖြစ် ဖွဲ့စည်းပြီး တိုက်ပွဲများ ပူးပေါင်းဖော်ဆောင်နေကြသည်။ 

ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့တွင် ကျိုက်ထိုမြို့နယ်အခြေစိုက် တပ်မ (၄၄) ဌာနချုပ်အား KNLA၊ KRF၊ TPDF ပါဝင်သော ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့်တိုက်ခိုက်ခဲ့သည်။ 

ယင်းအပြင် မတ်လ ၂၀ ရက်နေ့ကလည်း ဘီးလင်းမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်အား ဆက်ထားသော သံတံတား (သဲဖြူချောင်းတံတား) ရှိ စစ်ကောင်စီတပ်ဂိတ် ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ 

စာတည်း။  ။ နောင်နောင်
စာမူတည်းဖြတ်။   ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly