ပလက်ဝမြို့ကို ခရိုင်အဖြစ် သတ်မှတ်ဖို့ ဒေသခံများ တောင်းဆိုဆန္ဒဖော်ထုတ်

ပလက်ဝမြို့ကို ခရိုင်အဖြစ် သတ်မှတ်ဖို့ ဒေသခံများ တောင်းဆိုဆန္ဒဖော်ထုတ်

ပလက်ဝမြို့နယ်ကို ခရိုင်မြို့အဖြစ် သတ်မှတ်ရန် မတ်လ ၂၁ ရက်တွင် ဒေသခံ ၂၀၀ ခန့်က တောင်းဆို ဆန္ဒဖော်ထုတ်မှုတရပ် ပြုလုပ်ခဲ့သည်။

“ကျနော်တို့ ပလက်ဝက တောင်းဆိုတာကြာပြီ။ အဲဒီတောင်းဆိုတာကို မပေးဘဲနဲ့ မတောင်းဆိုထားတဲ့ အဲဒီ မတူပီကို ပေးလို့လေ။ ကျနော်တို့ လူထုဆန္ဒဖော်ထုတ်ရခြင်းဖြစ်ပါတယ်။” ဟု ဆန္ဒဖော်ထုတ်ရာမှာ ကြီးကြပ်ရေး တာဝန်ခံ ဦးထွန်းစိန်က ပြောသည်။

ပလက်ဝကို ခရိုင်ရရှိရေးတောင်းဆိုမှုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပိုက်လင်းက ပြီးခဲ့သည့် ဒီမိုကရေစီ အစိုးရ ပထမအကြိမ်လွှတ်တော်တွင် တောက်လျှောက်တောင်းဆိုခဲ့သော်လည်း ခရိုင်ပေးရေး မပေးရေးမှာ ပြည်နယ်အစိုးရနှင့်သာ သက်ဆိုင်ကြောင်း ဆုံးဖြတ်ခဲ့သည်။

ယင်းနောက်တွင် ပြည်နယ်အစိုးရအဖွဲ့၌ မဲခွဲဆုံးဖြတ်ရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဟုန်းငိုင်းမှ ပလက်ဝကို ခရိုင်ပေးရန် သဘောတူသလော၊ မတူပီကို ခရိုင်ပေးရန် သဘောတူသလောဟု မဲခွဲဆုံးဖြတ်မှုကို ပြုလုပ်စေခဲ့ပြီးနောက် ပလက်ဝခရိုင်ရရှိရေး အဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း ဆန္ဒပြအဖွဲ့က ရှင်းပြသည်။

ပလက်ဝမြို့နယ်သည် ဘင်္ဂလားဒေ့ချ်၊ အိန္ဒိယနယ်နိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး ရခိုင်ပြည်နယ်မှ အိန္ဒိယနယ်စပ်ထိ ဆက်သွယ် ဆောက်လုပ်နေသည့် ကုလားတန်ဘက်စုံဆိပ်ကမ်း စီမံကိန်းပြီးဆုံးပါက ပလက်ဝမြို့သည် အာရှ၏ ရေကြောင်းကုန်သွယ်မှုလမ်းကြောင်းတွင် အရေးပါလာနိုင်ဖွယ်ရှိခြင်းကြောင့် ခရိုင်မြို့အဖြစ် တိုးချဲ့တောင်းဆိုနေခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ပလက်ဝမြို့နယ်တွင်  ကျေးရွာပေါင်း ၃၇၂ ရွာရှိပြီး အိမ်ထောင်စု ၁၇,၁၇၁ စု နှင့် လူဦးရေ ၈၉,၃၄၂ ဦး နေထိုင်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly