အညာဒေသရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား ထောက်ပံ့ပေးနိုင်ရန် Lucky2PDF အဖွဲ့မှ ဦးဆောင်ကာ Project ရောင်နီ ပြုလုပ်လျက်ရှိရာ အဆိုပါ Project ရောင်နီအား သိန်း ၂,၀၀၀ ရရှိရန် ရည်ရွယ်ကာ မတ်လ ၁ ရက်နေ့မှ မတ်လ ၁၅ ရက်နေ့အထိ ကမ်ပိန်းကာလ သတ်မှတ်ထားသော်လည်း သတ်မှတ်ထားသည့် ပမာဏမပြည့်မီသဖြင့် ကမ်ပိန်းကာလကို မတ်လ ၂၅ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း Lucky2PDF Fundariser အဖွဲ့မှ ဦးဆောင်သူ မပန်ထွာ ထံမှ သိရသည်။
“ပြည်သူပါဝင်နှုန်း ကျလာတယ်။ အရင်ကလို လူအများကြီး စည်စည်ကားကားနဲ့ နည်းနည်းစီရတာမျိုးမဟုတ်ဘဲနဲ့ လူနည်းနည်းစီကပဲ ပမာဏများများ ထည့်နေရတယ်။ ပမာဏပိုပြီးထည့်လာတယ်။ လူကတော့ လျော့သွားတယ်။ အညာဒေသမှာ စကစကို အမြစ်ပြတ်ချေမှုန်းမယ့် အဖွဲ့အစည်းတွေရဲ့ project တစ်ခုဖြစ်ပါတယ်။ အဲ့ဒီအတွက် ဒီ project ရောင်နီမှာ ပါဝင်ပေးကြဖို့ အမအနေနဲ့ တောင်းဆိုပါတယ်” ဟု Project ရောင်နီ ကို ဦးဆောင်သူဖြစ်သည့် မပန်ထွာက ပြောသည်။
အဆိုပါ “Project ရောင်နီ” အား အညာဒေသရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သုံးဖွဲ့ဖြစ်သည့် စစ်ကိုင်းခရိုင် တပ်ရင်း(၅) Myaung Revolution Army (MRA)၊ မန္တလေးခရိုင်တပ်ရင်း(၆) National Defense Army (NDA) နှင့် မန္တလေးတိုင်းမှ မြို့ပြ UG စစ်ဆင်ရေးအဖွဲ့ဖြစ်သည့် SSTF/SOF တပ်ဖွဲ့များအတွက် လိုအပ်သည့် လက်နက်ခဲယမ်းများ တပ်ဆင်ပေးနိုင်ရန် စီစဉ်ခဲ့သည့် ရန်ပုံငွေ Campaign တစ်ခုဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)