ချင်းပါတီ(CNLD)မှတ်ပုံတင် မတင် ဆုံးဖြတ်ချက် မချနိုင်သေး

ချင်းပါတီ(CNLD)မှတ်ပုံတင် မတင် ဆုံးဖြတ်ချက် မချနိုင်သေး

ချင်းပါတီများအနေဖြင့်  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC)ထံတွင် ရက်အားဖြင့်နီးကပ်နေသည့်အချိန် ပါတီမှတ်ပုံတင်ပြန်လည်လျောက်မည်လား၊ မလျောက်ဘူးလားဆိုသည့် တိကျသည့်အဖြေ ယခုချိန်ထိမရရှိသေးကြောင်း သိရသည်။ 

ချင်းပါတီ (CNLD)နှင့်နီးစပ်သည့်သူတစ်ဦးက’’ချင်းပါတီတွေလည်းတော်တော်လေးကိုတော့ခက်နေတယ် ။ ပါတီကိုအသစ်မှတ်ပုံတင် ပြန်မလျောက်ဘူးဆိုရင်လည်း ပါတီကအလိုလိုဖျက်သိမ်းခံရမယ်။ ဒီလိုဆိုရင် နောင်တစ်ချိန် ချင်းနဲ့ပတ်သက်တဲ့ဆွေးနွေးပွဲတွေမှာ ချင်းကိုယ်စားပြုပြီးတော့ စကားပြောခွင့်မရှိတော့ဘူး၊ ပါတီမှတ်ပုံပြန်တင်မယ်ဆိုတော့လည်း မနှစ်ကအထွေထွေရွေးကောက်ပွဲမှာ တကယ့်ကို လူငယ်တွေ တက်တက်ကြွကြွနဲ့ အောင်နိုင်ရေးစည်းရုံးရေးလုပ်ပေးခဲ့ကြတဲ့ ထန်တလန်၊ ဟားခါးမြို့တွေကိုကြည့်ပြီး ဘယ်လိုမှစိတ်မကောင်းပြန်ဘူး’’ဟုလည်းဆိုသည်။ 

မရေရာ၊ မသေချာသေးသည့် စစ်ကောင်စီမှကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က လက်ရှိမှတ်ပုံတင်ထားရှိသည့်နိုင်ငံရေးပါတီ ၉၂ပါတီကို ယခုမတ်လ ၂၈ရက် နောက်ဆုံးထားရှိပြီး ပါတီမှတ်ပုံတင်ခွင့် ပြန်လည်လျှောက်ထားကြရန် နှင့် ပြဋ္ဌာန်းလိုက်သည့် ပါတီမှတ်ပုံတင်ခွင့် ဥပဒေအသစ်အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်လိုသည့် ပါတီများအနေဖြင့် ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံတင်ခွင့် ပြန်လည်လျှောက်ထားရမည်ဟုလည်း ပြီးခဲ့သည့်ဇန်နဝါရီ ၂၆ ရက်က ပြဋ္ဌာန်းထားရှိသည်။ 

အဆိုပါဥပဒေသစ်ထွက်ရှိလာပြီးနောက် နိုင်ငံရေးပါတီများနှင့်ပြည်သူလူထုအကြား အမျိုးမျိုးအဖုံဖုံကွဲလွဲမှုများလည်း ထွက်ရှိလာသည်။အထူးသဖြင့် တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေသည့် ချင်းပြည်နယ်အတွက် တကယ့်ကိုစိတ်ဝင်စားစရာ ကောင်းနေသည်။ 

ဥပဒေအရ ပါတီမှတ်ပုံတင် ပြန်လည်လျှောက်ထားခွင့်ရှိသည့်ရက်ပေါင်း ၆၀ သည် လာမည့် မတ်လ ၂၆ ရက်တွင် ပြည့်မည်ဖြစ်သော်လည်း အစိုးရ ရုံးပိတ်ရက်နှင့် တိုက်ဆိုင်နေသည့်အတွက် ရုံးပြန်ဖွင့်မည့် မတ်လ ၂၈ ရက်အထိ နောက်ဆုံးထား လျှောက်ထားခွင့် ရှိမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ 

၂၀၂၀ရွေးကောက်ပွဲတွင် ချင်းပါတီအားကောင်းခဲ့သည့် ထန်တလန်မြို့သည် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း မြို့ပျက်တစ်ခုသဖွယ်မြင်တွေ့နေရသည်။ စစ်ကောင်စီတပ်က နေအိမ်များ၊ ဘုရားကျောင်းများကိုမီးရှို့ခြင်း၊ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊ လေကြောင်းမှတိုက်ခိုက်ခဲ့ခြင်းများကိုလည်း အကြိမ်ကြိမ်ခံခဲ့ရသည်။ 

''ချင်းပါတီတွေအနေနဲ့မှတ်ပုံမတင်သင့်ဘူး ။ ပါတီတွေနိုင်ငံရေးလုပ်နိုင်မယ့်အခင်းကျင်းမျိုးလည်းမရှိပါဘူး။ ဒီနှစ်တွေအတွင်းကြည့်မယ်ဆိုရင် လည်း နိုင်ငံရေး တိုးတက်မှုဘာမှမရှိဘူး။ ဥပမာ -ဆိုရင် နိုင်ငံအနှံ့တိုက်ပွဲတွေဖြစ်နေတယ်။ ဒီနှစ် နှစ်လအတွင်းမှာတင် စစ်ကိုင်း၊ မကွေး ၊ပဲခူးနှင့် ချင်း ပေါင်းရင် တိုက်ပွဲပေါင်း ရာချီနီးပါး ရှိနေသလို ချင်းမှာလည်း နေရာအားလုံးနီးပါးက စစ်အုပ်ချုပ်ရေး ကြေညာခံထားရတယ် ဆိုတော့ ပါတီတွေက ဘယ်လိုသွားစည်းရုံးမလဲ၊ နောက်ပြီး ပါတီထောင်တယ်ဆိုတာက ကိုယ့်လူမျိုးအတွက် လွှတ်တော်မှာအသံတစ်ခု ထွက်နိုင်အောင်ဆိုပြီးတိုင်းရင်းသားတွေက ပါတီထောင်ကြတဲ့အခါမှာ အခုချင်းပြည်မှာ မြို့ရွာတွေမီးရှို့ခံနေရတဲ့အချိန်မှာတောင် ဘာအသံမှမထွက်နိုင်ဘူးလေ ''ဟုလည်း ချင်းအရပ်ဖက်အဖွဲ့အစည်းတစ်ခုလူငယ်တစ်ဦးက ၎င်း၏အမြင်ကိုပြောသည်။ 

"ချင်းပြည်နယ်မှာက ရွေးကောက်ပွဲ ဘယ်လိုမှ ဖော်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ရှေ့အနာဂတ်မှာ ဘယ်ပါတီကဘယ်လိုဆိုတာ ပြည်သူလူထုတွေ ရှင်းရှင်းလင်းလင်းသိရတာပေါ့’’ဟု ချင်းအမျိုးသားအဖွဲ့ချုပ် မှတာဝန်ရှိသူတစ်ဦးကလည်းဆိုသည်။ 

နိုင်ငံရေးအကျပ်အတည်းဆိုသည်မှာ စားပွဲပေါ်ကနေဖြေ ရှင်းဖို့ပဲဖြစ်လာမည်ဟုယူဆသည်ဟု ခံယူချက်ဖြင့် အနည်းဆုံး ချင်းလူမျိုး၊ ချင်း ပြည်နယ်ကိုယ်စားပြုပါတီရှိ သင့်သည်ဟုခံယူထားသည့် ချင်းပြည်သူများ ကလည်း ရှိနေပြန်သည်။ 

‘’  ကျွန်တော်တို့ ချင်းပြည်သူအများစုက အထူးသဖြင့် လက်နက်ကိုင်တွေက နိုင်ငံရေးအရ ထွက်ပေါက်တွေ၊ ဘာညာ စဥ်းစားဖြစ်မှာ မဟုတ်ဘူး။ နိုင်ငံရေးဆိုတာ ပြည်သူအများစုရဲ့ ရေချိန်နဲ့ကစားနေတာဆိုတော့လေ။ ပါတီဆက်ထောင်ပြီး သွားနေရင်လည်း ချင်းပါတီကိုပြည်သူအများစုက အယုံအကြည်မဲ့ လာမှာစိုးရိမ်တယ်။’’ဟု   ချင်းလူငယ်တစ်ဦးက  ပြောသည်။ 

ဒီအပြင် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (CDF)မတူပီမှ အကြမ်းဖက်စစ်ကောင်စီပြုလုပ်မည့် ဟန်ပြအထွေထွေရွေးကောက်ပွဲအား လက်ခံမည်မဟုတ်ကြောင်းနှင့် ပြည်သူများအနေဖြင့် စစ်အာဏာရှင်စနစ်သက်ဆိုးရှည်စေသည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် ပါဝင်ပတ်သက်မှုမပြုလုပ်ကြပါရန် သတိပေးထားရှိသည်။ 

‘’စစ်အာဏာရှင်သက်ဆိုးစေရှည်မယ့် ဟန်ပြအထွေထွေရွေးကောက်ပွဲဖြစ်မြောက်ရေးမှာ ပါဝင်ပတ်သက်တဲ့မည်သည့် အဖွဲ့အစည်းလူပုဂ္ဂိုလ်မျိုးကိုမဆို ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ မတူပီမှ လိုအပ်သလိုအရေး ယူဆောင်ရွက်သွားမှာဟုလည်း’’ CDFမတူပီမှ ထုတ်ပြန်ထားရှိပြီလည်းဖြစ်သည်။ 

မတ်လ ၂၀ ရက်နေ့က ကျင်းပခဲ့သည့် ၃၅ နှစ်မြောက် ချင်းတော်လှန်ရေးနေ့အခမ်းအနားတွင်လည်း  ‘’ဒီအချိန်မှာ စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ဆောင်တာ၊ အခွင့်အရေးတောင်းဆိုတာတွေကို အထူးရှောင်ရှားရန်ကြဖို့ကိုလည်း ချင်းအမျိုးသားတပ်ဦး/တပ်မတော်က အလေးအနက်တိုက်တွန်းပါတယ် ဟုလည်း’’CNF/CAN ကထုတ်ပြန်ကြေညာထားရှိသည် ။ 

စစ်အာဏာသိမ်း နှစ်နှစ်ပြည့်သည့်နေ့ ဖေဖော်ဝါရီ ၂ ရက်တွင် ချင်းပြည်နယ် ဟားခါးမြို့နယ်၊ ဖလမ်းမြို့နယ်၊ တီးတိန်မြို့နယ်၊ ထန်တလန်မြို့နယ်၊ မတူပီမြို့နယ်၊ တွန်းဇံမြို့နယ်နှင့် ကန်ပက်လက်မြို့နယ်တို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာလာသည်။အလားတူ
မင်းတပ်မြို့နယ်မှာလည်း ၂၀၂၁ မေလ ၁၃ ရက်နေ့ကတည်းက စစ်အုပ်ချုပ်ရေးအဖြစ် စစ်ကောင်စီက ကြေညာထားရှိပြီးဖြစ်သည်။ 

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(CNLD)ပါတီသည် ချင်းပါတီ သုံးခုပေါင်းစည်းပြီး ဖွဲ့စည်းထားခြင်းဖြစ်ပြီး၊ ပြီးခဲ့သည့် ၂၀၂၀ အထွေထွေရွေး ကောက်ပွဲတွင် ချင်းပြည်နယ် အပါအဝင် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့်ရခိုင်ပြည်နယ်တို့တွင် ကိုယ်စားလှယ်ပေါင်း ၁၂၀ကျော်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ချင်းပြည်နယ်ဟားခါးမြို့နယ်မှပြည်နယ်လွှတ်တော်တစ်ဦး အနိုင်ရရှိခဲ့သည်။ 

လက်ရှိအချိန်ထိ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ လျှောက်ထားသော ပါတီ ခြောက်ပါတီရှိပြီး၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ ပါတီ ၂၇ ပါတီဖြစ်၍ စုစုပေါင်း ၃၃ ပါတီ ရရှိပြီဖြစ်ကြောင်းသိရသည်။ 

ယင်း ၃၃ ပါတီတွင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ ရှစ်ပါတီ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီ ၂၅ပါတီရှိနေပြီဟုလည်း သိရသည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly