ပါကစ္စတန်ပိုင် ကက်ရှ်မီးယားဒေသတွင် သန်းခေါင်စာရင်းကောက်ယူမှုကို ဂျမူး-ကက်ရှ်မီးယား လွတ်မြောက်ရေးတပ်ဦး ကန့်ကွက်ဆန္ဒပြ

By ANI  
22 March 2023
ပါကစ္စတန်ပိုင် ကက်ရှ်မီးယားဒေသတွင် သန်းခေါင်စာရင်းကောက်ယူမှုကို ဂျမူး-ကက်ရှ်မီးယား လွတ်မြောက်ရေးတပ်ဦး ကန့်ကွက်ဆန္ဒပြ

ပါကစ္စတန်တွင် လက်ရှိပြုလုပ်နေသော ဒစ်ဂျစ်တယ်သန်းခေါင်စာရင်းကောက်ယူမှုကို ဂျမူး-ကက်ရှ်မီးယား လွတ်မြောက်ရေးတပ်ဦး (JKLF)က ဆန့်ကျင်ကန့်ကွက်ခဲ့ပြီး သန်းခေါင်စာရင်းတွင် ပါကစ္စတန်က သိမ်းပိုက်ထားသော ကက်ရှ်မီးယားဒေသရှိ ပြည်သူများ မပါဝင်သင့်ကြောင်းနှင့် ၎င်းသည် အခြေခံဥပဒေနှင့်မညီကြောင်း ပြောဆိုခဲ့သည်ဟု ပါကစ္စတန်ဘာသာဖြင့်ထုတ်ဝေသည့် Kashmir Dharti မီဒီယာတွင် ဖော်ပြထားသည်။

ပါကစ္စတန်က သိမ်းပိုက်ထားသော ကက်ရှ်မီးယားတွင် ဒစ်ဂျစ်တယ်နည်းဖြင့် သန်းခေါင်စာရင်းကောက်ယူခြင်း သည် ပါကစ္စတန်ဖွဲ့စည်းပုံအခြေခံဥပဒေကို အဆိုးရွားဆုံး ချိုးဖောက်ခြင်းဖြစ်ကြောင်း JKLF ခေါင်းဆောင်များက ပြောကြားခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁ နှင့် ပုဒ်မ ၂၅၇ အရ ပါကစ္စတန်က သိမ်းပိုက်ထားသော ကက်ရှ်မီးယားဒေသရှိ ပြည်သူများသည် ပါကစ္စတန် နိုင်ငံသားများမဟုတ်ကြောင်း JKLF ခေါင်းဆောင်များက ပြောသည်။

သန်းခေါင်စာရင်းကောက်ယူနေသည့် ပါကစ္စတန်စာရင်းအင်းဌာနသည် ပါကစ္စတန်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၎င်းကိုယ်တိုင် အဆိုးရွားဆုံး ချိုးဖောက်နေခြင်းဖြစ်သည်ဟု ဆိုသည်။ 
JKLF သည် အခွန်အခ ကြီးမြင့်မှုများ၊ အခွန်သတ်မှတ်ချက်များ လျှော့ချပေးရေး၊ ဂျုံမှုန့်ထောက်ပံ့ရေးကိစ္စများနှင့် အခြားပြဿနာများနှင့်ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြသွားမည်ဖြစ်ကြောင်း Kashmir Dharti သတင်းဌာနက ဖော်ပြထားသည်။
ပါကစ္စတန်တွင် ၇ ကြိမ်မြောက် လူဦးရေနှင့် အိမ်ထောင်စုစာရင်းကို ဒစ်ဂျစ်တယ်စနစ်ဖြင့် ကောက်ယူလျက်ရှိသည်။ 

ညီညွတ်သောကက်ရှ်မီးယားပြည်သူ့ပါတီ (UKPNP) ၏ အဓိက ပြောရေးဆိုခွင့်ရှိသူ ဆာဒါနာဆီရာအဇစ်ခန်းက လက်ရှိသန်းခေါင်စာရင်းတွင် ကက်ရှ်မီးယားဒေသအတွက် သီးခြား အထောက်အထားနှင့် ဒေသသုံး ဘာသာစကားအကွက်များ ထည့်သွင်းပြီးမှ စာရင်းသွင်းသင့်ကြောင်း ယခုလအစောပိုင်းက ပြောကြားခဲ့သည်။ 

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ကုလသမဂ္ဂထံ အကြောင်းကြားထားပြီးဖြစ်ကြောင်း ခန်းက ထပ်မံပြောကြားခဲ့သည်။ ဂျီနီဗာတွင် ကျင်းပနေသည့် (၅၂) ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွင် အဆိုပါကိစ္စကို ထပ်မံတင်ပြသွားမည်ဟု ၎င်းက ဆိုသည်။ 

ပါကစ္စတန်က သိမ်းပိုက်ထားသော ကက်ရှ်မီးယားနဲ့ ဂီလ်ဂစ်ဘော်တစ္စတန်ရှိ ဒေသခံ ပြည်သူများကို လူနည်းစုအဖြစ် ပြောင်းလဲသတ်မှတ်ခြင်းသည် ဂျမူး-ကက်ရှ်မီးယားအတွက်သာမကာ  ဒေသတစ်ခုလုံး၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိုပါ ထိခိုက်စေလိမ့်မည်ဟု ခန်းက ပါကစ္စတန်အစိုးရအား သတိပေးခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly