တရုတ်၏ ယူကရိန်းစစ်ပွဲဆိုင်ရာအစီအစဉ်နှင့်ပတ်သက်၍ ဆွေးနွေးရန် အသင့်ဖြစ်ကြောင်း ရုရှားသမ္မတပြော

By Dawn 
22 March 2023
တရုတ်၏ ယူကရိန်းစစ်ပွဲဆိုင်ရာအစီအစဉ်နှင့်ပတ်သက်၍ ဆွေးနွေးရန် အသင့်ဖြစ်ကြောင်း ရုရှားသမ္မတပြော

ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းတိုက်ပွဲများအဆုံးသတ်ရေးနှင့်ပတ်သက်သည့် တရုတ်နိုင်ငံ၏အဆိုပြုချက်များကို ဆွေးနွေးရန် ရုရှားက လမ်းဖွင့်ထားကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်တွေ့ဆုံစဉ် မတ်လ ၂၀ ရက်တွင် ပြောကြားလိုက်သည်။

ယူကရိန်းကျူးကျော်စစ်ဆင်နွှဲခဲ့ချိန်မှစ၍ ရုရှားသို့ ပထမဦးဆုံးအကြိမ် လာရောက်သည့် တရုတ်သမ္မတ ရှီကျင့်ဖျင်အား “မိမိတို့အနေဖြင့် စေ့စပ်ညှိနှိုင်းဖို့ အမြဲတမ်း လမ်းဖွင့်ထားပါတယ်” ဟု ပူတင်က ပြောကြားခဲ့သည်။

" တရုတ်သမ္မတရဲ့ အဆိုပြုမှုတွေအပါအဝင် ဒီပြဿနာတွေအားလုံးကို မိမိတို့ အနေနဲ့ တလေးတစားနဲ့ သေချာပေါက် ဆွေးနွေးသွားမှာပါ" ဟု ပူတင်က ဆိုသည်။
ယူကရိန်းပဋိပက္ခတွင် ကြားနေနိုင်ငံအဖြစ် ပုံဖော်ရန် တရုတ်က ကြိုးစားနေစဉ်မှာ ရုရှားသမ္မတနှင့် တရုတ်ခေါင်းဆောင်တို့ကြား ယခုကဲ့သို့ ထိပ်သီးဆွေးနွေးပွဲ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ 

တရုတ်သည် ရုရှားသို့ လက်နက်များတင်ပို့ရန် စဉ်းစားနေကြောင်း အမေရိကန်က စွပ်စွဲထားပြီး တရုတ်က အကြောက်အကန် ငြင်းဆိုထားသည်။
ရှီကျင့်ဖျင်က ၎င်း၏ ခရီးစဉ်သည် တရုတ်-ရုရှား ဆက်ဆံရေးအတွက် တွန်းအားသစ်ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။ တရုတ်သမ္မတအား ရုရှား ဒုတိယဝန်ကြီးချုပ် ဒီမစ်ထရီ ချာနီ-ရှန်ကိုက လက်ခံကြိုဆိုခဲ့သည်။ 

ပူတင်နှင့် ကနဦးတွေ့ဆုံမှုအတွင်း ရှီကျင့်ဖျင်က ရုရှားနှင့် ရင်းနှီးသော ဆက်ဆံရေးကို ချီးကျူးခဲ့သလို ရုရှားခေါင်းဆောင်ကလည်း နှစ်နိုင်ငံတွင် ဘုံရည်မှန်းချက်များနှင့် တာဝန်များစွာရှိကြောင်း ပြောကြားခဲ့သည်။ 

နှစ်နိုင်ငံခေါင်းဆောင်များသည် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန်နှင့် နိုင်ငံအားလုံး၏ ပိုင်နက်အချုပ်အခြာအာဏာကို လေးစားလိုက်နာရန် တောင်းဆိုချက်များ ပါဝင်သည့် ယူကရိန်းပဋိပက္ခနှင့်ဆိုင်သော တရုတ်၏ အချက် ၁၂ ချက်ပါ အဆိုပြုစာတမ်းကို ဆွေးနွေးရန်စီစဉ်ထားသည်။  

ပဋိပက္ခအဆုံးသတ်ရာတွင် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လိုကြောင်း ဖော်ပြသည့် ယူကရိန်းအရေးဆိုင်ရာ တရုတ်၏ အဆိုပြုချက်များကို ပူတင်က ကြိုဆိုခဲ့သည်။
ယူကရိန်းက ရုရှားတပ်ဖွဲ့များကို နိုင်ငံတွင်းမှ ရုပ်သိမ်းရန် တောင်းဆိုထားသည်။ 

“ယူကရိန်းကို ကျူးကျော်ရန်စတဲ့စစ်ပွဲကို အဆုံးသတ်ဖို့ တရုတ်က ရုရှားအပေါ် သူ့ရဲ့အရှိန်အဝါကို အသုံးပြုဖို့ မျှော်လင့်ပါတယ်” ဟု ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အိုလက်ဂ် နီကိုလန်ကိုက ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly