အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ထံ လုံးဝမှတ်ပုံတင်သွားမည်မဟုတ် 

By မိုးသောက် (မဇ္ဈိမ)
21 March 2023
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ထံ လုံးဝမှတ်ပုံတင်သွားမည်မဟုတ် 

စစ်ကောင်စီက ကောက်ခံပြုလုပ်နေသော နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းတွင် NLDပါဝင်မည်မဟုတ်ကြောင်း   ဒုတိယအကြိမ်ကြားကာလဗဟိုကော်မတီ ပုံမှန်အစည်းအဝေးအပြီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီအဖွဲ့ဝင်ဦးထွန်းမြင့်က  မဇ္ဈိမသတင်းဌာနသို့ပြောသည်။ 

“ရှင်းရှင်းပြောရရင် ခေါင်းထဲတောင်မထည့်ဘူးပေါ့ဗျာ။ အကြမ်းဖက်အာဏာလုစစ်ကောင်စီသည် တရားမဝင်ပါဘူးဆိုမှတော့ သူကနေပြီးတော့ဖွဲ့စည်းပေးတဲ့ UECကလည်း တရားမဝင်အဖွဲ့အစည်းပဲ။ အဲတာကို တူတူတန်တန်နဲ့ မှတ်ပုံပြန်တင်မယ် မတင်ဘူး၊ တို့စဉ်းစားစရာတောင် မလိုဘူး။”  ဟု ဦးထွန်းမြင့်က ဆိုသည်။ 

စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်သည် ပါတီမှတ်ပုံတင်ရန် ဇန်နဝါရီလ ၂၆ရက်နေ့မှစ၍ ရက်ပေါင်း ၆၀သတ်မှတ်ထားသည့်အတွက် မတ်လ၂၆ရက်နေ့တွင် ပြည့်ပြီဖြစ်သော်လည်း ရုံးပိတ်ရက်များရှိသည့်အတွက် ၂၈ရက်နေ့ကို နောက်ဆုံးသတ်မှတ်ထားပြီး လက်ရှိအချိန်တွင်  ပါတီ၂၀ကျော်သာ မှတ်ပုံတင်ထားသည်။ 

မှတ်ပုံတင်ခြင်း မပြုသည့်ပါတီများသည် အလိုအလျောက်ပျက်ပြယ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည့် ရွေးကောက်ပွဲဥပဒေအရ သိရသည်။ 

တရားမဝင်စစ်ကောင်စီမှ ကျင်းပမည့် ရွေးကောက်ပွဲများအပြင် ၎င်းတို့နှင့်ပတ်သက်သည့် လုပ်ဆောင်မှု မှန်သမျှသည်လည်း တရားဝင်မည်မဟုတ်ကြောင်းနှင့်ပါတီအနေဖြင့် အသိအမှတ်မပြုကြောင်း သိရသည်။ 

ဗဟိုအလုပ်ကော်မတီ (CWC)မှဦးဆောင်ပြီး ဒုတိယဗဟိုကော်မတီကြားကာလ ပုံမှန်အစည်းအဝေးကို ကျင်းပခဲ့ ပြီးစီးခဲ့ပြီးလည်း ဖြစ်သည်။ 

"အခုလက်ရှိ ဒုတိယအကြိမ်ကြားကာလ ဗဟိုကော်မတီပုံမှန်အစည်းအဝေးကတော့ ကျနော်တို့ကြေညာချက်တွေမှာပါတဲ့ ရပ်တည်ချက်အတိုင်း ရပ်တည်သွားမယ်”  ဟု ဦထွန်းမြင့်က ဆိုသည်။ 

အဆိုပါ ကြေညာချက် ၁၁ချက်တွင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး၊ တိုင်းရင်းသားရေးရာများအပါအဝင် ပါတီ၏ရှေ့ဆက်မည့်လမ်းစဉ် ၁၁ ချက်ကို ဆုံးဖြတ်နိုင်ခဲ့ကြောင်း မဇ္ဈိမအနေဖြင့် ကနဦးသိရှိရသည်။ 

ပထမအကြိမ်ဗဟိုကော်မတီ၏ သက်တမ်းသည် ၂၀၁၃မှ ၂၀၁၈အထိ ငါးနှစ်ဖြစ်ပြီး ၂၀၁၈မှစ၍ ဒုတိယအကြိမ်ဗဟိုကော်မတီ စတင်သည်ဟုသိရသည်။ ဒုတိယအကြိမ် ဗဟိုကော်မတီအစည်းအဝေးကို  ကြားကာလဗဟိုကော်မတီအစည်းအဝေးဟု ခေါ်ဆိုထားပြီး ကြားကာလသည်တော်လှန်ရေးကာလကို ရည်ညွှန်းခြင်းဖြစ်သည်။ 

ဗဟိုကော်မတီဝင်အစည်းအဝေးကို တိုင်းနှင့်ပြည်နယ် အသီးသီးမှ ကော်မတီဝင်များတက်ရောက်ရကာ ဗဟိုအလုပ်မှုဆောင်ကော်မတီမှ ဦးဆောင်ကျင်းပပေးရသည်ဟုသိရပြီး လက်ရှိအစည်းအဝေးကိုမူ အာဏာသိမ်းပြီးနောက် ဖွဲ့စည်းထားသည့် ဗဟိုအလုပ်ကော်မတီ(CWC)မှ ကျင်းပခြင်းဖြစ်သည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly